ရန်ကုန်၊ ဧပြီ ၂၁
ချင်းပြည်သူ့တပ်မတော်က AA ၏ ဖိတ်ကြားမှုဖြင့် ရခိုင်ဒေသသို့ သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် AA ခေါင်းဆောင်များနှင့် နွေဦးတော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှုများ ဆွေးနွေးခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က သတင်းထုတ်ပြန်သည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ဖိတ်ကြားမှုဖြင့် ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များသည် အာရက္ခဒေသသို့ သွားရောက်ခဲ့ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြကြောင်း၊ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် လက်ရှိနွေဦးတော်လှန်ရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း ၍သော် လည်း ကောင်း၊ ချင်းပြည်သူလူထုနှင့် အာရက္ခပြည်သူများ အကြား အိမ်နီးချင်းကောင်းများပီသစွာ ရေရှည် အပြန်အလှန်အကျိုးပြုရေးတို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက်ပူးတွဲလုပ်ဆောင်မည့် လုပ် ငန်းစဉ်များကိုလည်း ချမှတ် နိုင်ခဲ့ကြောင်း သိရှိရသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ချင်းပြည်သူ့အစည်းအရုံး၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုဧည့်ခံခဲ့ကြပြီး အာရက္ခဒေသတွင်းရှိ အထင်ကရနေရာများကိုလည်း လိုက်လံပြသပို့ဆောင်ပေးခဲ့ကြကြောင်း၊ အဆိုပါခရီးစဉ်သည် ရက်သတ္တပတ် ၂ ပတ်ခန့် ကြာမြင့်ခဲ့ပြီး ချင်းပြည်သူ့အစည်းရုံး/ ချင်းပြည်သူ့တပ်မတော်အတွက် လေ့လာသင်ယူစရာများနှင့်တကွ အလွန် တရာ အကျိုးရှိ သော ခရီးစဉ်ဖြစ်ခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် ထုတ်ပြန်ထားသည်။






