ရန်ကုန်၊ ဧပြီ ၂၁
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး မိုင်းနင်းမိ၍ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်သည်။
ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ သဲဖြူရွာဟောင်းတွင် နေထိုင်သော အသက် ၅၅ နှစ်အရွယ် ဦးသန်းဦးသည် ဇရပ်ခင်ရွာသို့ သွားရောက်စဉ် ဇရပ်ခင်ကျေးရွာအတွင်း အကြမ်းဖက် စစ်တပ်က ထောင်ထားခဲ့သော မြေမြှုပ်မိုင်းနင်းမိပြီး ညာဘက်ခြေထောက်ပြတ်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဧပြီလ ၁၆ ရက်နေ့ကလည်း ရွှေကျင်မြို့နယ်အတွင်းရှိ တကော်ကွီးနေရာအတွင်းကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် မီးလောင်ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စည်လင်းကိုနှင့် မသန္ဒစိုးတို့၏ ဈေးဆိုင်နှင့် နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် KNU ထိန်းချုပ်နယ်မြေအတွင်း အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာလုပ်ငန်းခွင်များအတွင်းကို ပစ်မှတ်ထားပြီး ဒရုန်း၊ လက်နက်ကြီး၊ လေယာဉ် အမျိုးမျိုးဖြင့် နေ့စဉ်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများစွာဖြင့် အသက်ရှင်နေထိုင်နေကြရကြောင်း KNU-ဗဟိုက ပြောဆိုထားသည်။
အလားတူ ဧပြီလပိုင်းမှ စတင်၍ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ၀ါကေဒဲရွာနှင့် လယ်ဆူခိုရွာ အနီးပတ်ဝန်းကျင်ကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ဝါကေဒဲရွာ၊ လယ်ဆူခိုရွာ၊ ကိုထာရွာ နှင့် ကဒူးမူဒဲရွာတို့မှ ပြည်သူ ၆၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများသည် စိုးရိမ်ကြောက်ရွံ့မှုများစွာဖြင့် အသက်ရှင်နေထိုင်နေကြရပြီး အရေးပေါ် လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ၊ အခြေခံစားနပ်ရိက္ခာ နှင့် ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။





