35 C
Yangon

အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးနှင့် အာဆီယံသို့ မြန်မာပြန်ဝင်နိုင်ရေး ကူညီမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

Must read

ရန်ကုန်၊ ဧပြီ ၂၂

အာဆီယံအဖွဲ့ကြီး၏ ထိပ်သီးအစည်းအဝေးများမှ ဘေးဖယ်ထားခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းမှုတွင် ထိုင်းနိုင်ငံက ဦးဆောင် ကဏ္ဍမှ ပါဝင်ကူညီလိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် (Sihasak Phuangketkeow) က ပြောဆိုသည်။

ဗုဒ္ဓဟူးနေ့က နေပြည်တော်သို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံကို အာဆီယံသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ထိုင်းနိုင်ငံက ထောက်ခံကြောင်းနှင့် ယင်းသို့ဖြစ်လာစေရန် အဆင့်လိုက် ထိတွေ့ဆက်ဆံသွားမည့် မူဝါဒကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် အာဆီယံက ချမှတ်ထား မြန်မာ့အရေး ဖြေရှင်းရေး “ဘုံသဘောတူညီချက် ၅ ရပ်” ကို လက်တွေ့ဖြစ်လာစေရေးအတွက် ထိုင်းနိုင်ငံက ဦးဆောင်ကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်ဟု သူက ဆိုသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ဖြစ်ပွားနေသည့် တိုက်ပွဲများကို လျှော့ချရန်နှင့် တင်းမာမှုများ ပြေလျော့စေရန် တိုက်တွန်းခဲ့ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ ကျားဖြန့် (Online Scam) ဂိုဏ်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို ပူးပေါင်းနှိမ်နှင်းရန်လည်း ပြောဆိုကြောင်း သိရှိရသည်။

ယင်းအပြင် နှစ်နိုင်ငံစီးပွားရေးအတွက် အရေးပါသည့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန်လည်း ဆွေးနွေးသည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ခြင်းတို့ကို ကြိုဆိုကြောင်း ပြောဆိုပြီး အနာဂတ်တွင်လည်း အကြမ်းဖက်မှုများ လျှော့ချရေးနှင့် လူသားချင်းစာနာမှု အကူအညီများအတွက် လမ်းဖွင့်ပေးရေးတို့ကို ပိုမိုလုပ်ဆောင်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆို သည်။

သို့သော်လည်း အာဆီယံသို့ အပြည့်အဝ ပြန်လည်ဝင်ရောက်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ကြီး၏ စိုးရိမ်ပူပန်မှုများကို ဦးစွာ တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article