ရန်ကုန်၊ ဧပြီ ၂၂
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ညှင်းမော်ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးလာ၍ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီကျော်ခန့်တွင် လောင်းလုံးမြို့ပေါ်မှ အင်အား ၁၀၀ ကျော်ခန့် ပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညှင်းမော်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်ထိ အကြမ်းဖက် စစ်သားများသည် ကျေးရွာထဲမှ ပြည်သူပိုင် နေအိမ်များပေါ် တပ်စွဲထားသောကြောင့် ပြည်သူများ ဘေးလွတ်ရာကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ဧပြီလ ၂၁ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ်မှ လက်နက်ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်း ပစ်ခတ်ခဲ့ပြီးနောက် ယနေ့ နံနက်အစောပိုင်းတွင် ထားဝယ်-လောင်းလုံး လမ်းအတိုင်း ညှင်းမော်ရွာကို ဝင်ရောက် စီးနင်းကာ တပ်စွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပြည်သူတွေ ဖမ်းဆီးခံရတဲ့ သတင်းတော့ မကြားမိသေးဘူး။ စစ်ခွေးစစ်ကြောင်းက နံနက်အစောကြီးရွာထဲကိုဝင်စီးတာ ပြည်သူတွေလည်း ရွာလုံးကျွတ်ကို ပြေးရတာပဲ အခုလက်ရှိထိတော့ စစ်ခွေးတွေက ညှင်းမော်ရွာထဲက ပြည်သူပိုင်နေအိမ်တွေထဲမှာ တပ်စွဲထားတုန်းပဲ ဘယ်ကို ဆက်ပြီး စစ်ကြောင်းထိုးလာမလဲတော့ မသိသေးဘူး။ စောင့်ကြည့်နေတယ်။ မြေပြင် တိုက်ပွဲဖြစ်ပွားတာမရှိသေးပါဘူး” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီး အကြမ်းဖက် စစ်တပ်က တောမီးရှို့မှုကြောင့် နေအိမ်များ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် မောင်မယ်ရှောင်ဂိတ်မှ အကြမ်းဖက် စစ်သားများသည် ထားဝယ်နည်းပညာတက္ကသိုလ်နှင့် မောင်မယ်ရှောင်အနီး၌ တောမီးရှို့ရာမှ ပြည်သူပိုင်နေအိမ်များကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့မှုကြောင့် နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“မောင်မယ်ရှောင်ဂိတ်က စစ်ခွေးတွေက တောမီးရှို့တာ သူတို့လာတိုက်ခံရမှာကိုကြောက်လို့ မီးရှို့ရှင်းလင်းရာကနေ နေအိမ်တွေမှာ မီးထဲပါသွားတာ ကျနော်သိရသလောက်ကတော့ နေအိမ် ၁၀ လုံးကျော် မီးထဲပါသွားတယ်လို့တော့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






