ရန်ကုန်၊ ဧပြီ ၂၄
ကချင်ပြည်နယ်၊ ရွှေကူမြို့ ၅ လမ်းဆုံရှိ စစ်တပ်စခန်း ၁ ခုနှင့် ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ရ ရှိထားပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၂၀ ရက်နေ့မှစ၍ ရွှေကူမြို့ ၅ လမ်းဆုံရှိ စစ်တပ်စခန်းကြီးအပါအဝင် ရွှေကူမြို့ပတ်ပတ်လည် ရှိ စစ်တပ်ကာကင်းစခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ ဧပြီလ ၂၃ ရက် ညနေပိုင်းတွင် ရွှေကူမြို့ ၅ လမ်းဆုံရှိ စစ်တပ်စခန်းမှ စစ်သားများမှာ စခန်းခွာပြီး ရွှေ ကူမြို့ထဲသို့ ထွက်ပြေးသွားကြောင်း၊ ယင်းစခန်းသိမ်းပိုက်မှုအတွင်း စစ်သားများထိခိုက်သေဆုံးမှုရှိ ပြီး လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့သော်လည်းအရေ အတွက်အတိအကျ သိရှိရခြင်း မရှိသေးကြောင်း သိရသည်။
ထို့အပြင် ရွှေကူမြို့လုံခြုံရေးအတွက် ဖွင့်လှစ်ထားသည့် စစ်တပ်ကာကင်းစခန်းများကို KIA ပူးပေါင်း တပ်ဖွဲ့များက ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ရရှိထား ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
“ရွှေကူမြို့ ၅ လမ်းဆုံက စခန်းကြီးနဲ့ အခြား ၂ နေရာက ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ထားပြီးပြီ။ ရွှေကူမြို့နားက ကာကင်းစခန်း ၂ ခုပါ။ နောက်ထပ် ထပ်ဆော်နေကြတုန်းပဲ၊ ကာကင်းတွေ လိုက် ဖြုတ်နေတာ၊ တိုက်ပွဲက ဆက်ဖြစ်နေတုန်းမို့ လက်နက်ခဲယမ်းဘယ်လောက်ရလဲ သေချာမသိရ သေး ဘူး။ ရွှေကူမြို့နားက ကာကင်းအချို့လည်း ရခါနီးနေပြီလို့ သိရပါတယ်။ ပွဲကမပြီးသေးဘူး” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ရွှေကူမြို့နယ်၊ KIA တပ်မဟာ ၁၁ နယ်မြေအတွင်းသို့ စစ်ကောင်စီ၏ ခလရ ၅၆ ၊ ခမရ ၆၀၂ ၊ တပ်မ ၈၈ လက်အောက်ခံ ခလရ ၃၇၈ တပ်ရင်းနှင့် ၄၁၆ တပ်ရင်းတို့ ပူးပေါင်းကာ စစ်ကြောင်းထိုးလှုပ်ရှား လာသဖြင့် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ တိုက်ပွဲများဖြစ်ပွားနေသော ရွှေကူမြို့နယ် အပါအဝင် ကချင်ပြည်နယ်အတွင်းရှိ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆော့လော်နှင့် ချီဖွေမြို့နယ်တို့ကို အကြမ်းဖက်စစ်တပ်က စစ်အုပ်ချုပ်ရေးအမိန့်ကို ယမန်နေ့ညပိုင်းထုတ်ပြန်ကြေညာထားသည်။




