ရန်ကုန်၊ ဧပြီ ၂၄
အကြမ်းဖက် စစ်တပ်က အမှတ်တရ ထုတ်ဝေသည်ဟုဆိုခဲ့သော ငွေကျပ် နှစ်သောင်းတန်များကို မြန်မာ့စီးပွားရေးဘဏ်၊ မြ၀တီဘဏ်နှင့်အင်း၀ဘဏ်တို့တွင် လာထုတ်သော ငွေပမာဏ၏ ၁၀ ရာခိုင်နှုန်း ထည့်သွင်းထုတ်ပေးနေကြောင်း ငွေထုတ်ယူခဲ့သော စီးပွားရေးသမားတချို့နှင့်ပဲနှမ်းကုန်သည်တချို့၏ ပြောဆိုချက်များအရ သိရှိရသည်။
အကြမ်းဖက် စစ်တပ်က ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ဆင်ဖြူတော်၏ ၁ နှစ်ပြည့် မွေးနေ့ နှင့် မာရဝိဇယ ဘုရားဆင်းတု ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် အမှတ်တရဟုဆိုကာ ငွေကျပ် နှစ်သောင်းတန်များကို ထုတ်ဝေခဲ့ကြောင်း၊ စစ်တပ်က ငွေစက္ကူနှစ်သောင်းတန်များကို မြန်မာ့စီးပွားရေးဘဏ်အပါအဝင် စစ်တပ်နှင့် အစိုးရဘဏ်များတွင် လာထုတ်သော ငွေပမာဏ၏ ၁၀ ရာခိုင်နှုန်းကို ထည့်သွင်း ထုတ်ပေးလာခြင်းဖြစကြောင်း သိရှိရသည်။
” ငွေသိန်း ၁၀၀ ဆိုရင် ၁၀ သိန်းကတော့ နှစ်သောင်းတန်တွေပေးတယ်။ ပခုက္ကူမြန်မာ့စီးပွားရေးဘဏ်က ထုတ်ပေးတာ။ အကြွေရှားလို့ နှစ်သောင်းတန်တွေအစား ၅၀၀၀ တန်နဲ့ ၁၀၀၀၀ တန်ပြန်လဲခိုင်းတာ လဲမပေးဘူး။ ၁၀ ရာခိုင်နှုန်းကတော့ နှစ်သောင်းတန်ပါမှာလို့ပြောတယ်” ဟု ယခုအပတ်အတွင်းငွေထုတ်ယူခဲ့သော ပဲကုန်သည်တစ်ဦးက ရှင်းပြသည်။
အလားတူ စစ်တပ်လက်အောက်ခံ မြ၀တီဘဏ်နှင့် အင်း၀ဘဏ်တို့တွင်လည်း ပမာဏကြီးမားသော ငွေ ထုတ် ယူမှုများတွင် ငွေကျပ် နှစ်သောင်းတန်များကို တွဲဖက်ထုတ်ပေးနေကြောင်း၊ အထူးသဖြင့် စစ်တပ်နှင့်တွဲဖက်လုပ်ကိုင်နေသော တင်ဒါလုပ်ငန်းများအတွက် ငွေပေးငွေယူကိစ္စများတွင် ငွေကျပ် နှစ်သောင်းတန်များ ပါဝင်လာခြင်းဖြစ်ကြောင်း UMCCI မှ စီးပွားရေးသမားတချို့ထံမှ သိရှိရသည်။
“ငွေကျပ် နှစ်သောင်းတန်တွေက ခါတိုင်းထက်ပိုထုတ်ပေးလာတယ်။ အစိုးရဘဏ်နဲ့ တပ်မတော်ဘဏ်တွေမှာ ငွေထုတ်ရင် နှစ်သောင်းတန်တွေတော့ ပါလာတယ်။ ပမာဏ အကုန်လုံး နှစ်သောင်းတန်တွေချည်းပေးတာမျိုး မဟုတ်ဘူး။ ငွေထုတ်တဲ့ပမာဏအလိုက် နှစ်သောင်းတန်တွေကိုပါ မျှပြီး ညှပ်ထုတ်ပေးနေတာ။ အရင်ထက်စာရင်တော့ ပိုပြီးတော့ ငွေလည်ပတ်မှုထဲကိုတော့ နှစ်သောင်းတန် တွေ ပိုတော့ ဝင်လာတယ်” ဟု UMFCCI မှ စီးပွားရေးသမားက ရှင်းပြသည်။
စစ်တပ်က နှစ်သောင်းတန် ငွေစက္ကူများကို နည်းလမ်းအမျိုးမျိုးဖြင့် ငွေလည်ပတ်မှုထဲသို့ ထည့်သွင်းနေပြီး ပုဂ္ဂလိကဘဏ်များတွင် နှစ်သောင်းတန်ငွေစက္ကူများ ထည့်သွင်းထုတ်ပေးမှုများလည်း များပြားလာနေကြောင်း စုံစမ်းသိရှိရသည်။
ဓာတ်ပုံ- ပြည်သူများလက်အတွင်းသို့ ပိုမိုရောက်ရှိ လည်ပတ်လာသော ငွေကျပ် နှစ်သောင်းတန်ငွေစက္ကူများ။






