ရန်ကုန်၊ ဧပြီ ၂၄
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဆွမ်ဟရန်ရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီး သန့်ဇော်ဦး အပါအဝင် သေဆုံးသူများပြားပြီး စစ်တပ်က အထိနာ၍ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၃ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ ဆွမ်ဟရန်ရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီး သန့်ဇော်ဦး အပါအဝင် သေဆုံးသူများပြားခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာခဲ့သောကြောင့် ဧပြီလ ၂၃ ရက်နေ့မှ စတင်ပြီး ယနေ့ နံနက်ပိုင်းထိ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေပြီး မြို့ပေါ်သို့ ထပ်မံ စစ်ကြောင်းထိုးနိုင်ရန် အင်အားစုဖွဲ့မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“အဲဖြစ်စဉ်က ဟုတ်ပါတယ်။ မနေ့က ဆွမ်ဟရန်ရွာအနီး တိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်ဘက်က ဒုဗိုလ်မှူးကြီး သန့်ဇော်ဦး အပါအဝင် သေတာတော်တော်များတယ်။ တိုက်ပွဲတွေက ဆက်ရှိနေတုန်းပါပဲ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ယမန်နေ့ ဧပြီလ ၂၃ ရက် နံနက်အစောပိုင်းကလည်း ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာရှိ ဗာရ်းတံတား အထက်ဗာရ်း၊ စီဇာမာလ်ကျေးရွာအကြားနှင့် ဆူးရ်ဘုန်လေယာဉ်ကွင်းဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်တပ်က ဂျက်ဖိုက် တာ ၁၀ စီးခန့်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၁၉ ရက်နေ့မှ စတင်ပြီး ဖလမ်းမြို့ကို ပြန်သိမ်းပိုက်နိုင်ရေး အတွက် စစ်တပ်က စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ဦးတည်၍ ကလေး–နတ်ချောင်း –ဂန့်ဂေါ ၊ ကလေး–နတ်ချောင်း–ဝေဘူလ၊ ကလေး–ခိုင်ကမ်း–သိုင်းငင်း နှင့် တီးတိန်– သိုင်းငင်း လမ်းကြောင်းများမှ စစ်ကြောင်း ၄ ကြောင်းခွဲကာ အင်အား ၁၀၀၀ နီးပါးဖြင့် စစ်ကြောင်း ထိုးတိုက်ခိုက်နေခြင်းဖြစ်ပြီး အကြိမ်ကြိမ် အထိနာကာ ပြန်လည် တပ်ဆုတ်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။




