ရန်ကုန်၊ ဧပြီ ၂၄
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျွန်းကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၄ ရက်နေ့တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၂ စီးသည် မုံရွာမြို့နယ်၊ ကျွန်းကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျွန်းကြီးကျေးရွာတွင်နေထိုင်သော ကလေးငယ် ၁ ဦး အပါအဝင် အသက် ၄၀ နှစ်အရွယ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အဲဒီကျေးရွာမှာက ဘုန်းကြီး ပျံလွန်တော် ပွဲတွင် လူစည်းနေတဲ့အတွက် စစ်ခွေးတွေက သက် သက်ကြီးကို လေကြောင်းတိုက်ခိုက်မှုပြုသွားတာပါ။ စစ်ခွေးတွေ ဗုံး ၂လုံးနဲ့ ကျဲသွားတာပါ။ နေအိမ်ပျက်စီးတာမျိုးတော့ မရှိဘူး။ ကျွန်းကြီးကျေးရွာနေထိုင်သော ကလေးငယ် ၁ ဦး အပါအဝင် အသက် ၄၀နှစ်အရွယ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရှိတယ်လို့ သိရတယ်။ ကလေးငယ် ၁ ဦးကတော့ အသက်အရွယ် မသိရသေးဘူး။ အသက် ၄၀နှစ်အရွယ် အရွယ် အမျိုးသမီး ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရတာက ပြင်းထန်တယ်လို့ သိရတယ်။ ပြည်သူများ အနေဖြင့် စစ်ကြောင်းနှင့် လေကြောင်းအန္တရာယ်တို့ကို သတိပြုနေထိုင်ကြဖို့ ပြောချင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၂ ရက်နေ့ကလည်း မုံရွာမြို့နယ်၊ ညောင်ပင်ရွာတွင် ရေချိုးနေသော ပြည်သူများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦး သေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကလည်း သံဘိုရွာ ဘုန်းကြီးကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၄ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီကျော်ခန့်တွင် တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာတွင် တပ်စွဲထားသော အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သံဘိုလမ်းအတိုင်း ထွက်ခွာလာပြီးနောက် သံဘို(ရွာသစ်)ရွာကို ရောက်ရှိလာကာ ကျေးရွာ ဘုန်းကြီးကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ခွေးတွေက ဒီနေ့ နံနက်အစောကြီး သံဘိုရွာထဲကို ရောက်လာပြီး ဘုန်းကြီးကျောင်းကို မီးရှို့ဖျက်ဆီးသွားတာပါ။ ပြည်သူတွေလည်း အကုန်လုံးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အလားတူ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်သာမြို့နယ်အတွင်းရှိ ဆည်ကုန်းရွာ၊ ထန်းပင်ကုန်းရွာတောရိုး၊ သံချေးကုန်းရွာနှင့် ရုံးစည်ကြီးရွာရှိ နေအိမ်များကို ဧပြီလ ၂၂ ရက်နေ့မှ စတင်ပြီး ဧပြီလ ၂၃ ရက်နေ့အထိ ဆက်တိုက် ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – မန္တလေးတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို အကြမ်းဖက် စစ်တပ်က ညအချိန် ဝင်ရောက်စီးနင်းမီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)




