ရန်ကုန်၊ ဧပြီ ၂၄
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာ ၂ ခုကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ရာနှင့်ချီ မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် သည် ရဲတိုင်ရွာနှင့် မြို့ကြီးကုန်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ရာနှင့်ချီ မီးလောင်ပြာကျခဲ့ပြီး ပြည်သူအများစုသည် လက်ရှိချိန်ထိ တိမ်းရှောင်နေဆဲဖြစ်၍ နေအိမ် ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက ရွာထဲမှာရှိတဲ့ နေအိမ်တွေကို ဆက်တိုက်ကို မီးရှို့ဖျက်ဆီးသွားတာ နေအိမ် ရာနဲ့ချီပြီးကို မီးလောင်ပြာကျသွားတယ်။ အရေအတွက်အတိအကျကို အတည်မပြုနိုင်ဘူးဆိုတာက ပြည်သူတွေက ရွာထဲကို ပြန်ဝင်ပြီး ကိုယ့်အိမ်အခြေအနေကို ပြန်မကြည့်ရဲကျတော့ဘဲ ကြောက်လန့်ပြီး ဆက်လက် တိမ်းရှောင်နေရကြတုန်းဆိုတော့ ပျက်စီးမှု အတိအကျ မရသေးတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဧပြီလ ၁၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မြင်းခြံမြို့နယ်၊ ထိန်ပန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ရွာသစ်ကျေးရွာကို ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာသစ်ကျေးရွာအတွင်းရှိ ဆေးကုသမှုပေးနေသော အဆောင်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ကာ နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထိန်ပန်းကျေးနှင့် ရွာသစ်ကျေးရွာ အတွင်းရှိ နေအိမ်များ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။






