ရန်ကုန်၊ ဧပြီ ၂၅
ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အသေခံဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဖွားအိုတစ်ဦးအပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။
ယနေ့ ဧပြီလ ၂၅ ရက်၊ မွန်းလွဲပိုင်းတွင် မိုးဗြဲမြို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီစစ်သားများက နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ အသေခံဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦးမှာ နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး စိုးရိမ်ရသည့်ဒဏ်ရာရရှိထားသော အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာလည်း ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် နောက်ထပ်ပြည်သူ ၃ ဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရပါသည်။
“ဗုံးထိတာက ၂ ဦး ပွဲချင်းပြီးသေတယ်။ စိုးရိမ်ရတဲ့ ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ထပ်သေတယ်။ ပြီးတော့ ရွာထဲကနေ ထွက်ပြေးပြီး စစ်ဘေးရှောင်နေရတဲ့ အဖွားတစ်ဦးလည်း အခုလို အဖြစ်အပျက်တွေကြားပြီး ထပ်သေတာ။ ဒီနေ့တစ်ရက်တည်း စုစုပေါင်း ၄ ဦးသေတယ်။ ၃ ဦး ဒဏ်ရာရပါတယ်။ ရွာကို ပစ္စည်းတွေ ပြန်ယူတဲ့သူနဲ့ တချို့ပြည်သူတွေက ရွာထဲကနေ မထွက်ဘဲ ကျန်နေခဲ့သူတွေ ဗုံးထိသေဆုံးသွားတာ ဖြစ်ပါတယ်။”
အဆိုပါကျေးရွာသည် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့သေးသည်။ ထိုစဉ်ကတည်းက ကျေးရွာသားများမှာ ကြောက်လန့်တကြား အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
ယနေ့တိုက်ခိုက်မှုတွင် မိသားစုဝင်များနှင့် ရွာသားများ ထိခိုက်သေဆုံးသည့်သတင်းကို ကြားသိရပြီးနောက် စစ်ဘေးရှောင်နေသည့် အဖွားအိုတစ်ဦးမှာလည်း ရုတ်တရက် နှလုံးရပ်ကာ ထပ်မံသေဆုံးသွားခဲ့သဖြင့် ယခု ၂ ရက်အတွင်း စစ်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၅ ဦးအထိ ရှိလာခဲ့သည်။
ဒေသခံများ၏ အဆိုအရ အဆိုပါဒေသတွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားကာ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။






