ရန်ကုန်၊ ဧပြီ ၂၅
အင်ဒိုနီးရှားတွင် မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုမှာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အတွက် မှတ်တိုင်သစ်ဖြစ်လာကြောင်း ကမ္ဘာလုံးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ မဟာမိတ်အဖွဲ့ CIVICUS ၏ ပလက်ဖောင်းဖြစ်သော CIVICUS Lensက ဧပြီလ ၂၃ ရက်နေ့တွင် ထုတ်ဖော်ရေးသားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် သမ္မတအဖြစ် မိမိကိုယ်ကို အမည်ပေးထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရိုဟင်ဂျာလူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟုဆိုကာ အင်ဒိုနီးရှားတရားရုံးတွင် တရားစွဲဆိုခြင်း ခံနေရကြောင်း၊ ယင်းတရားစွဲဆိုမှုကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဒဏ်မှ လွတ်မြောက်လာသူ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးက အင်ဒိုနီးရှား၏ ပြစ်မှုဆိုင်ရာ ဥပဒေအသစ်ပါ “ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်” (Universal Jurisdiction) မူဝါဒကို အသုံးပြု၍ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ရိုဟင်ဂျာအမျိုးသမီး Yasmin Ullah က အင်ဒိုနီးရှား လူ့အခွင့်အရေးခေါင်းဆောင်များ၏ အကူအညီဖြင့် ဧပြီလ ၁၃ ရက်နေ့တွင် အင်ဒိုနီးရှား ရှေ့နေချုပ်ရုံးသို့ တိုင်ကြားစာ တင်သွင်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါ တိုင်ကြားစာတွင် မင်းအောင်လှိုင်သည် ၂၀၁၇ ခုနှစ်အတွင်းက ရိုဟင်ဂျာကျေးရွာများကို မီးရှို့ခြင်း၊ အတင်းအဓမ္မ နှင်ထုတ်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခြင်းတို့အတွက် တာဝန်ရှိသည်ဟု တိုင်ကြားထားသည်။
စစ်တပ်၏ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၂၄,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရပြီး ၇၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ ထွက်ပြေးခဲ့ရသည်။ ယင်းအမှုသည် အင်ဒိုနီးရှားနိုင်ငံ၏ ဥပဒေပြင်ဆင်ချက်ကြောင့် ဖြစ်မြောက်လာခြင်း ဖြစ်သည်။
“ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်” ဆိုသည်မှာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူး လွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုကဲ့သို့သော ပြင်းထန်သည့် ပြစ်မှုများကို မည်သည့်နေရာတွင် ကျူးလွန်ခဲ့သည်ဖြစ်စေ၊ ကျူးလွန်သူ မည်သူဖြစ်စေ နိုင်ငံတကာဥပဒေအရ မည်သည့်နိုင်ငံကမဆို တရားစွဲဆိုစီရင်နိုင်သည့် မူဝါဒဖြစ်သည်။
ဂျာမနီ၊ ပြင်သစ်နှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင်လည်း အလားတူအမှုများကို စီရင်ခဲ့ဖူးပြီး မင်းအောင်လှိုင်သည် အာဂျင်တီးနားနှင့် တီမောလက်စတေနိုင်ငံတို့တွင်လည်း တရားစွဲဆိုခြင်း ခံထားရပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကလည်း ၎င်းကို ဖမ်းဝရမ်း ထုတ်ရန် လုပ်ဆောင်လျက်ရှိသည်။
အာဂျင်တီးနား တရားရုံးကလည်း ၂၀၂၅ ခုနှစ်တွင် မြန်မာစစ်ဗိုလ်ချုပ်များအပေါ် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ဖူးသည်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကြားနာပွဲများကိုလည်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ယခုနှစ် ဇန်နဝါရီလက စတင်ပြုလုပ်ခဲ့ပါသည်။
မင်းအောင်လှိုင်ကို တရားစွဲဆိုမှုသည် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများဖြစ်သော အင်ဒိုနီးရှားနှင့် တီမောလက်စတေတို့က မြန်မာစစ်ကောင်စီအပေါ် အရေးယူလာခြင်းဖြစ်သဖြင့် “လူ့အခွင့်အရေး တောင်းဆိုမှုသည် အနောက်နိုင်ငံများ၏ သွေးထိုးမှုဖြစ်သည်” ဟူသော စစ်ကောင်စီ၏ ဆင်ခြေကို ပျက်ပြယ်သွားစေသည်။
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသဖြင့် မင်းအောင်လှိုင်အမှုကို အလေးအနက်ထား ကိုင်တွယ်ရန် လူ့အခွင့်အရေးအဖွဲ့များက တိုက်တွန်းနေကြသည်။
မြန်မာစစ်တပ်ကို တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့က ထောက်ခံနေသော်လည်း ထိုကဲ့သို့သော တရားဥပဒေအရ အရေးယူမှုများသည် အာဏာရှင်များ၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို စိန်ခေါ်နေပြီး တရားမျှတမှုအတွက် မျှော်လင့်ချက်များကို ဖြစ်ပေါ်စေကြောင်း ကမ္ဘာလုံးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ မဟာမိတ်အဖွဲ့ CIVICUS ၏ ပလက်ဖောင်းဖြစ်သော CIVICUS Lensက သုံးသပ်ထားသည်။




