ရန်ကုန်၊ ဧပြီ ၂၇
ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူမှုထူးချွန်ဆုပေးအပ်ထားသော လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာတွင် အဓိက ကြိုးကိုင်နေသည့် အုပ်ချုပ်ရေးမှူး တင်မောင်စန်းကို ပစ်ခတ် တိုက်ခိုက်ရာသေဆုံးခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ပေါင်းတလည်မြို့နယ်၊ ဒွကျေးရွာအနီး၌ အုပ်ချုပ်ရေးမှူး တင်မောင်စန်းကို ပဲခူးတိုင်းစစ်ဌာန ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း ၂ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ဝက်ထီးကန်နယ်မြေ အင်းဝင်းအုပ်စု အုပ်ချုပ်ရေးမှူး တင်မောင်စန်းသည် လူမှုထူးချွန်ဆု (တတိယဆင့်) ရရှိထားသူဖြစ်ပြီး PDF တပ်က စာထုတ်၍ သတိပေးထားသော်လည်း စစ်တပ်၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်စေရန် အုပ်ချုပ်ရေးမှူး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စစ်မှုထမ်းစုဆောင်းမှုများ ပြုလုပ်ခြင်း၊ ဝက်ထီးကန်နယ်မြေ ရဲစခန်းမှ ရဲများနှင့်ပူးပေါင်း၍ ပြည်သူကို အနိုင်ကျင့်ဖိနှိပ်ခြင်း၊ လက်ထောက်ချ ပေါ်တာဆွဲစေခြင်း၊ ပေါ်တာပါရှိသော ပြည်သူများအား ငွေကြေးဖြင့် ပြန်လည်ရွေးစေခြင်း၊ ခရီးသွားလာနေသော ပြည်သူများ၏ ကား/ဆိုင်ကယ်များကို ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ယင်းအပြင် စစ်တပ် အထိုင်ကင်းအဖွဲ့များကို လောင်းကစားဝိုင်းများထံမှ ငွေကြေးကောက်ခံပေးခြင်း၊ စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းအား ရင်းနီးမှု ရယူ၍ မိတ်ဖွဲ့ကာ ပြည်သူလူထုကို အနိုင်ကျင့် မောက်မာ ရိုင်းပြစော်ကားခြင်းများ ဆက်လက်ပြုလုပ်နေခြင်းကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပြည်မြို့နယ်က အုပ်ချုပ်ရေးမှူးတွေကိုပြောချင်တယ်။ အကြမ်းဖက်စစ်ကောင်စီကနေ ပြုလုပ်တဲ့ အတု အယောင် ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရတုရဲ့ လက်ကိုင်တုတ်အဖြစ်ကနေ နုတ်ထွက်ပါ။ အခုမကြာခင်အသစ်ရွေးမယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနေရာလည်း မည်သူမှဝင်မပြိုင်ကြပါနဲ့ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေ မြို့ပြကိုရောက်ဖို့ ရပ်ကျေးတွေကိုခြေချနေပါပြီလို့ ခုဖြစ်စဥ်ကနေတဆင့် အသိပေးချင်တယ်” ဟု ပြည်ခရိုင်တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် ဒေါက်တိုင် အမာခံများအနေဖြင့် ပြည်သူလူထုကို ဖိနှိပ်မောက်မာစော်ကားရိုင်းပြသော လုပ်ရပ်များ လုံးဝ (လုံးဝ) ရှောင်ကျဉ်ရန်နှင့် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်ကျင့်သုံး ဆောင်ရွက်သွားရန် အကြိမ် ကြိမ် သတိပေး ထားရှိခဲ့ပြီးဖြစ်သည့်အပြင်၊ ဆက်လက်၍ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းကာ ကိုယ်ကျိုးရှာပြီး ပြည်သူလူထုကို ထိခိုက်စော်ကား ရိုင်းပြခြင်းများ ပြုလုပ်ပါက တော်လှန်ရေးလုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲဘော် Red Star က ဆက်လက်ပြောဆိုသည်။




