ရန်ကုန်၊ ဧပြီ ၂၇
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်သည် စစ်အာဏာရှင်များ၏ လုပ်ရိုးလုပ်စဉ်သာဖြစ်ပြီး စစ်တပ် အာဏာတည်မြဲရေးနှင့် ရေရှည်ဖိနှိပ်အုပ်ချုပ်နိုင်ရေးအတွက်သာ ဖြစ်ကြောင်း ကချင်ပြည်နယ်၊ မိုင်ဂျာယာန်အခြေစိုက် ဥပဒေအထောက်အကူပြုကွန်ရက်က အစီရင်ခံသုံးသပ်လိုက်သည်။
မင်းအောင်လှိုင်က ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရက်ပေါင်း ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များကို မည်သည့်ကန့်သတ်ချက်မှမထားဘဲ ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။
သို့သော်လည်း ဤဖိတ်ခေါ်မှုသည် စစ်တပ်ကချုပ်ကိုင်ထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင်သာ ဖြစ်သဖြင့် မည်သည့်ရလဒ်ကောင်းမှ ထွက်လာစရာမရှိကြောင်း ဥပဒေအထောက်အကူပြုကွန်ရက်က ထောက်ပြသည်။
နွေဦးတော်လှန်ရေး ၅ နှစ်ကျော်လာချိန်အထိ မဟာဗျူဟာမြောက် စစ်ဆင်ရေးကို မောင်းနှင်နိုင်ခြင်းမရှိတော့သည့် စစ်အုပ်စုက ၎င်းတို့၏ နိုင်ငံရေးလမ်းဟောင်းအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲလမ်းကြောင်းကိုသာ အကောင်အထည်ဖော်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ထောက်ပြထားသည်။
“ဒီလုပ်ငန်းစဥ်က စစ်အာဏာရှင်သက်ဆိုးရှည်ဖို့ပံ့ပိုးပေးသလိုဖြစ်နေတဲ့အပြင် နိုင်ငံတကာကလည်း သူ့အပေါ်မြင်ပြောင်းပြီး တရားဝင်အစိုးရလို ပြောင်းလဲဆက်ဆံလာမှာကို လိုချင်လို့ပုံဖော်နေခြင်းပဲဖြစ်တယ်လို့ပဲ ပြောပါရစေ။ မင်းအောင်လှိုင်က အာဏာ ရှင်အဆက်ဆက်ရဲ့ စာအုပ်ကြီး အတိုင်း၊ လမ်းကြောင်းဟောင်းအတိုင်းပဲ သွားနေတာဖြစ်ပါတယ်” ဟု ဥပဒေအထောက် အကူပြုကွန်ရက်၏ စီမံခန့်ခွဲရေးအဖွဲ့ဝင် Alex က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ပြောဆိုသည်။
စစ်အုပ်စု၏ ပထမခြေလှမ်းအဖြစ် ၁၀၂၇ စစ်ဆင်ရေးအတွင်း နယ်မြေများစွာ သိမ်းပိုက်နိုင်ခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့ထဲမှ MNDAA သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင်လည်းကောင်း၊ TNLA သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း အသီးသီး အပစ်ရပ်စဲခဲ့ကြသည်။
လွန်ခဲ့သည့် လပိုင်းများအတွင်း စစ်တပ်ဒုတိယအကြီးအကဲနှင့် TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံခဲ့သလို၊ KIO/KIA ကလည်း ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်သည့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပါက ဆွေးနွေးသင့်ကြောင်း သဘောထားထုတ်ဖော်လာသည်။
ထို့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆာငီယမ်ဖုန်းကလည်း တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီကြား ညှိနှိုင်းပေးနိုင်ကြောင်း ပြောဆိုထားသဖြင့် NUG အပါအဝင် တော်လှန်ရေးအင်အားစုများသည် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများ၏ ဆွေးနွေးရေးတိုက်တွန်းမှုများကို ထပ်မံရင်ဆိုင်ရဖွယ်ရှိနေကြောင်း ဥပဒေအထောက် အကူပြုကွန်ရက်က သတိပေးသည်။
လတ်တလောတွင် မင်းအောင်လှိုင်ဦးဆောင်သော စစ်အစိုးရသည် CRPH နှင့် NUG တို့ကို ချန်လှပ်ထားပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုသာ ရက်ပေါင်း ၁၀၀ အတွင်း တွေ့ဆုံရန် ဖိအားပေးခြိမ်းခြောက်ကာ အမည်ခံငြိမ်းချမ်းရေးလမ်းကြောင်းကို ပုံဖော်နေသည်။
သို့သော် သမိုင်းတစ်လျှောက်တွင် စစ်ခေါင်းဆောင်များနှင့် ဆွေးနွေးခြင်းသည် မည်သည့်အခါမျှ မအောင်မြင်ခဲ့ကြောင်း၊ NLD အစိုးရလက်ထက် NCA လမ်းကြောင်းသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် အဆုံးသတ်ခဲ့ရကြောင်း အစီရင်ခံစာက ဆိုသည်။
စစ်အာဏာရှင်များသည် ငြိမ်းချမ်းရေးကို အကြောင်းပြကာ အချိန်ဆွဲလေ့ရှိပြီး အပစ်ရပ်ကာလအတွင်း တော်လှန်ရေးအင်အားစုများကြား အကျိုးစီးပွားအပေါ်အခြေခံကာ သပ်လျှိုသွေးခွဲခြင်း၊ လူထုထောက်ခံမှု ကျဆင်းအောင်လုပ်ဆောင်ခြင်းနှင့် တည်ဆဲမတရားဥပဒေများကို အသုံးချကာ ရေရှည်ဖိနှိပ်အုပ်ချုပ်ရန် မဟာဗျူဟာများ ချမှတ်လေ့ရှိကြောင်း ထောက်ပြထားသည်။
ထို့အပြင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် အရပ်သားများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သဖြင့် နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုခံထားရသည့် ရာဇဝတ်ကောင်များဖြစ်သဖြင့် ၎င်းတို့နှင့် နိုင်ငံရေးအရ ဆွေးနွေးခြင်းသည် ဥပဒေစိုးမိုးရေးကို ဆန့်ကျင်ရာရောက်ပြီး တရားဝင်မည်မဟုတ်ကြောင်း ဥပဒေအထောက်အကူပြုကွန်ရက်က အလေးအနက် သုံးသပ်ထားသည်။
ထို့ကြောင့် ၎င်းတို့ကို နိုင်ငံတကာတရားရုံးများတွင် အပြစ်ပေးနိုင်ရေးကိုသာ အင်တိုက်အားတိုက် ကြိုးပမ်းသင့်ပြီး၊ တော်လှန် ရေးအင်အားစုများအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံသဘော တူညီချက်များ၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုသာ အဓိကထား လုပ်ဆောင်သင့်ကြောင်း ဥပဒေအထောက်အကူပြုကွန်ရက်က တိုက်တွန်းနှိုးဆော်ထားသည်။
ဓာတ်ပုံ- Agency ။




