ရန်ကုန်၊ ဧပြီ ၂၇
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ သစ်ခေါက်တောင်ရွာ ကင်းစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း ဒေါင်းညီနောင်ပြောက်ကြားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဧပြီလ ၂၇ ရက်နေ့တွင် စလင်းမြို့နယ်အတွင်းရှိ သစ်ခေါက်တောင်ရွာ ဘုရားကုန်းကာကင်းစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်သားများသည် ဆိုလာပြားများကို ခိုးယူပြီး ပြန်လာစဉ် ဒေါင်းညီနောင်ပြောက်ကြားတပ်ဖွဲ့ မှ တော်လှန်ရေး ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှုသည် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေးသေစာရင်းကတော့ မသိရသေးဘူး။ ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ။ ကျနော်တို့ဘက်က ချဉ်းကပ်နေတုန်း သစ်ခေါက်တောင်ရွာ ဘုရားကုန်းကာကင်းစခန်းကထွက်လာပြီး ဆိုလာပြားတွေ လာခိုင်းတဲ့ စစ်ခွေးတွေ အပြန်ကို တိုက်ခိုက်ခဲ့တာ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ဒေါင်းညီနောင်ပြောက်ကြားတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်ခန့် ရှင်မုတ္ထီးရွာ အုပ်ချုပ်ရေးမှူး သက်စိုးပိုင်ကို လက်နက်ကိုင်ဆောင်ထားသူများက ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၃ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာ အုပ်ချုပ်ရေးမှူး သက်စိုးပိုင်ကို အမည်မသိ လက်နက်ကိုင် လူတစ်စုက ကျေးရွာအနီးရှိ စားသောက်ဆိုင်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသော အုပ်ချုပ်ရေးမှူး သက်စိုးပိုင်သည် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ၎င်းတိုင်ကြားမှုကြောင့် ဖမ်းဆီးခံရသူ အများအပြားရှိကြောင်း သိရသည်။
“အုပ်ချုပ်ရေးမှူး သက်စိုးပိုင်က စစ်ခွေးတွေ အာဏာမသိမ်းခင်ကတည်းက အုပ်ချုပ်ရေးမှူး စစ်ခွေး အာဏာသိမ်းပြီးတော့ သူများတွေ ထွက်ပြေးကုန်တာကို သူကမပြေးဘဲ ပြန်လုပ်နေတာ သူ့ကြောင့် အဖမ်းခံရတဲ့သူတွေလည်းရွာထဲမှာ အများကြီးရှိခဲ့ဖူးတယ်။ စစ်ခွေးခန့် အုပ်ချုပ်ရေးမှူးပေါ့။ ဘယ်အဖွဲ့က ဖမ်းသွားမှန်းတော့ မသိဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။




