ရန်ကုန်၊ ဧပြီ ၂၈
အကြမ်းဖက် စစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံများကို စစ်ဆင်ရေး လုပ်ဆောင်မည်ဟု ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် စစ်ဦးစီးချုပ် မင်းလတ်ဥက္ကာက ပြော ဆိုလိုက်သည်။
ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့တွင် ကျရောက်သော ကျောင်းသားတပ်ဦး / ကျောင်းသားလက်ရုံး တပ်တော် ၅ နှစ်မြောက် တပ်တော်နေ့ အထိမ်းအမှတ် မိန့်ခွန်းခွန်းပြောကြားရာတွင် ၎င်းက ထည့် သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကျောင်းသားလက်ရုံးတပ်တော်က မြန်မာပြည်အလယ်ပိုင်းတွင် ခြေကုပ်ယူနိုင်ခဲ့ပြီဖြစ်ပြီး စစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံများကို တိုက်ခိုက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ငါတို့ တပ်ဦး / တပ်တော်ဟာ ဒီနှစ်မှာ ရန်သူရဲ့ အသည်းနှလုံးနေရာဖြစ်တဲ့ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်ပြီး အတိုင်းအတာတစ်ခုထိ ခြေကုပ်ယူထားနိုင်ခဲ့ပြီ ဖြစ်တယ်။ ဆက်လက်ပြီးလည်း ရန်သူရဲ့ အသည်းနှလုံး ကပစ တွေကို ခြိမ်းခြောက် စစ်ဆင်ကြမယ်။ ဒီနှစ်မှာ ငါတို့ဟာ မြန်မာပြည်အလယ်ပိုင်းမှာ လူထုအာဏာထူထောင်နိုင်တဲ့ လွတ်မြောက်နယ်မြေတွေ ပေါ်ပေါက်ရေးကို ဆောင်ရွက်သွားကြမယ်”ဟု ၎င်းက ပြောဆိုသည်။
လက်ရှိ နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ စစ်တပ်က အတုအယောင်ရွေးကောက်ပွဲဖြင့် လူထုကို အရူးလုပ်ခဲ့သော်လည်း အောင်မြင်မှုမရရှိနိုင် ကြောင်း ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် စစ်ဦးစီးချုပ် မင်းလတ်ဥက္ကာက ပြော ဆိုသည်။
“ဒီနှစ်မှာ စစ်အုပ်စုဟာ စစ်ရေး စစ်မျက်နှာအပြင်နိုင်ငံရေး စစ်မျက်နှာကိုလည်း အရူးကွက် နင်းပြီး အတုအယောင်ရွေးကောက်ပွဲနဲ့ ဖွင့်လာခဲ့တယ် ။ အတု အယောင် ဒီမိုကရေစီကို ရရှိပြီဆိုပြီး လူထုကို အရူးလုပ်ပေမယ့် လက်ရှိမှာ လူထုကတော့ ဘဝအသိအားဖြင့်ရော နိုင်ငံရေးအသိအားဖြင့်ပါ စစ်အုပ်စုရဲ့ ဖိနှိပ်ရေး အသွင်သဏ္ဍာန်ကို နားလည်ထားပြီးသားဖြစ်တာကြောင့် ၎င်းတို့ မအောင်မြင်ပါ ဘူး။” ဟု ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် စစ်ဦးစီးချုပ် မင်းလတ်ဥက္ကာက ပြော ကြားသည်။
သို့သော်လည်း ကမ္ဘာအစီအစဉ်အပြောင်းအလဲကြောင့် စစ်အုပ်စု၏ အရူးကွက်ကို လက်ခုပ်လက်ဝါး တီးကာ ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့က ကြိုဆိုသလိုလုပ်လာကာ ၎င်းတို့အကျိုးစီးပွားအတွက် စစ် အုပ်စုကို အသုံးချရန် ရှိလာလိမ့်ဖြစ်ကြောင်း၊ သို့သော်လည်း စိတ်ဓာတ်ကျစရာမရှိပဲ ယင်းအချိန်တွင် မိမိတို့ အင်အားကိုတည်ဆောက်ကာ အခြေအနေပေးသည့် အခွင့်အလမ်းကို ဖမ်းဆုတ်နိုင်ရန် အ မျှော်အမြင်ရှိကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။
“ကမ္ဘာအင်အားကြီးနိုင်ငံတွေဟာ စစ်အုပ်စုရဲ့ အရူးကွက်ကို လက်ခုပ် လက်ဝါးတီး ကြိုဆိုတာမျိုး လုပ်လာပြီး စစ်အုပ်စုကို ၎င်းတို့ အကျိုးစီးပွားအတွက် အသုံးချစရာအဖြစ် ထောက်ခံပံ့ပိုးလာစရာ ရှိပါလိမ့်မယ်။ ဒီလို ဖြစ်လာခဲ့ရင် လည်း မိမိတို့အတွက် အားလျော့စရာ မရှိပါဘူး ရဲဘော်တို့။ ပြင်ပ အကူအညီဆိုတာ ၎င်းတို့ အကျိုးစီးပွား အတိုင်းအတာ အပေါ် မူတည်ပြီး တိုးလိုက် လျော့လိုက် ဖြစ်နေတာပဲ။ ဒီတော့ ဒီလို ထောက်ခံပံ့ပိုးမှုဟာ အမြဲ မဖြစ်နေပါဘူး။ ယာယီပဲ ဖြစ်ပါလိမ့်မယ်။ ဒီလို ကမ္ဘာအစီ အစဉ် အပြောင်းအလဲကြီး ဖြစ်ပေါ်နေစဉ်အတွင်းမှာ မိမိတို့ အင်အားကို တည်ဆောက်ပြီး အခြေအနေကနေ ပေးလာမယ့် အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်မယ့် အမျှော် အမြင်ရှိဖို့ပဲ လိုပါတယ် ရဲဘော်တို့ ။ မိမိတို့ရဲ့ အင်အားသည်သာ ပြင်ပ အခြေအနေတွေအတွက် အဖြေဖြစ်ပါတယ် ။” ဟု မင်းလတ်ဥက္ကာက ပြောဆိုသည်။
တော်လှန်ရေးသည် နိုင်ငံရေး၊ စစ်ရေးအရ စနစ်တကျတည်ဆောက်ကာ ရေရှည်ဆောင်ရွက်ရမည့် ခရီးဖြစ်ပြီး စိတ်ကူးယဉ်မှုနှင့်မကိုက်သညီသည့်အခါ စိတ်မပျက်ကြရန်နှင့် စိတ်ကူးယဉ်မှုနှင့် ကိုက်ညီ သည့်ဖြစ်လာသည့်အခါတွင်လည်း ဘဝမမြင့်ကြရန် သတိပေးထားသည်။
“တော်လှန်ရေးမှာ ယာယီအားဖြင့် ဆုံးရှုံးမှုတွေ၊ ရှုံးနှိမ့်မှုတွေကို ကြုံတွေ့ရ တတ် ပါတယ်။ ဒါဟာ မိမိတို့ တော်လှန်ရေးလမ်းစဉ် နဲ့ နည်းနာမှာ အား နည်းချက်တွေ ရှိနေတယ်ဆိုတာကို အချက် ပြ တာပဲ ဖြစ်ပါတယ်။ အရေးနိမ့်မှုကို ကြုံရ၍ စိတ်ပျက်အားငယ်စရာ မလိုပါဘူး။ အားနည်း ချက် တွေ ကို ပြုပြင်ပြီး လူထုထောက်ခံမယ့် လမ်းစဉ် နဲ့ နည်းနာကို ကျင့်သုံးဆောင် ရွက်နိုင်ရင် လူထုကို စည်းရုံးလှုံ့ဆော်နိုင်ပြီး အခြေအနေပြောင်းလဲကာ အောင်ပွဲရပါလိမ့်မယ်” ဟု မင်းလတ် ဥက္ကာ က ပြောကြားသည်။
ကျောင်းသားတပ်ဦး / ကျောင်းသားလက်ရုံး တပ်တော်ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ထူထောင်ခဲ့ခြင်းဖြစ်သည်။




