ရန်ကုန်၊ မေ ၁
အကြမ်းဖက်စစ်တပ်၏ မတရား ဖမ်းဆီးမှု ခံထားရသော ဒေါ်အောင်ဆန်းစုကြည်မှာ တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်းဖြစ်ပြီး သူမ၏ အခြေအနေကို အစဉ်အမြဲ ဂရုစိုက်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ လျင်ကျန့်က ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဧပြီ ၃၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် AFP သတင်းဌာန၏ မေးမြန်းချက်ကို ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ထိုသို့မေးမြန်းသည့်အပေါ် လျင်ကျန့်က ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်းဖြစ်ရာ ၎င်း၏အခြေအနေအား မိမိတို့အနေဖြင့် အစဉ်အမြဲ ဂရုစိုက်လျက်ရှိကြောင်း ပြောကြားသည်။
အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏အခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်း ကြောင်း လျှောက်လှမ်းမှုကို ထောက်ခံအားပေးသလို မြန်မာနိုင်ငံ ဘက်ပေါင်းစုံက ပို၍ကျယ်ပြန့်သော၊ ပို၍ ခိုင် မာသော၊ ပို၍ ရေရှည်ဖြစ်သော ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ခြင်းကို ထောက်ခံကြောင်း ပြောဆိုသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုသို့ ပြောဆိုပြီး ယမန်နေ့ ညပိုင်းတွင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ်သို့ ပြောင်းလဲလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။




