ရန်ကုန်၊ မေ ၁
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၅ နှစ်အရွယ် အမျိုး သမီး ၁ ဦး သေဆုံးပြည်သူ ၅ ဦး ဒဏ်ရာရကာ ဆေးခန်းလူနာဆောင်၊ ကားနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
ဧပြီလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကျောက်ကြီးမြို့နယ်၊ လယ်မူသောကျေးရွာအတွင်းကို ဂျက်ဖိုက်တာဖြင့် ၅ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၁၅ နှစ်အရွယ် နော်အယ်တူလိုမူး ထိမှန်သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် စောထူးကတရေမူး၊ အသက် ၂၂ နှစ်အရွယ် နော်အိရွှေဇင်၊ အသက် ၂၄ နှစ်အရွယ် စောပိုင်စိုး၊ အသက် ၃၂ နှစ်အရွယ် စောနယ်ဒါး၊ အသက် ၃၇ နှစ်အရွယ် စောဖားပလူ တို့ ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ လယ်မူသောဆေး ခန်း၏ လူနာဆောင် ၂ ဆောင်၊ နေအိမ် ၄ လုံးနှင့် ကား ၁ စီးလည်း ထိမှန်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် ကေအဲန်ယူ အုပ်ချုပ်မှုနယ်မြေအတွင်း နေထိုင်သော အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ ပြည် သူများ နေထိုင်ရာကျေးရွာများအတွင်းနှင့် လုပ်ကိုင် စားသောက်ရာလုပ်ငန်းခွင်များ အတွင်းသို့ ဒရုန်း၊ လက်နက်ကြီးနှင့် လေယာဉ်များဖြင့် နေ့စဉ်ရက်ဆက် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသောကြောင့် အရပ်သားပြည်သူများမှာ စိုးရိမ်ထိတ်လန့်မှုများဖြင့် နေထိုင်နေကြရကြောင်း KNU ကထုတ်ပြန်သည်။
အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် Thlarawn ကျေးရွာတွင် ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့ စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အသက် ၁၇ နှစ်အရွယ်ရှိ Ngun Hlei Tial သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် Ngun Hlei Tial နှင့် မိသားစုဝင်များ ဘေးလွတ်ရာသို့ တိမ်းရှောင်ပုန်းအောင်းနေသည့် နေရာသို့ တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းသည် ပုန်းရှောင်နေသည့် နေရာ၌ပင် ချက်ချင်း သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများမှာ အသက်ဘေးလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြရကြောင်းလည်း သိရှိရသည်။






