21 C
Yangon

ဆိပ်ဖြူ၊ စစ်ကိုင်းနှင့် တန့်ဆည်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၂၂ ဦးသေ ဆုံးကာ PDF ၁ ဦး ကျဆုံး ၊ မင်းတပ်တွင် စစ်တပ်က ထိုးစစ်ဆင်ရန် ပြင်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၂၂

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် သူဌေးလမ်းခွဲမှ ဆောမြို့နယ်သို့ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ၂ ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်းခဲ့ပြီး စစ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Saw-PDF တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၁၈ ရက်နေ့တွင် ဆိပ်ဖြူဘက်မှ ဆောဘက်သို့ ထွက်ခွာလာပြီး ဆော-ဆိပ်ဖြူ လမ်းပိုင်း နဂါးပွက်တောင်တွင် စခန်းချထားစဥ် ဇူလိုင်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်ကို ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သော PDF-SAW တပ်ရင်း ၁၊ PDF-SAW တပ်ရင်း ၂ (YRPA)၊ လောင်းရှည် PDF (YRPA)၊ မဟာမိတ် တပ်ပေါင်းစုများ၊ ညောင်ရမ်း PDF နှင့် စလင်း PDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး PDF မဟာမိတ်တပ်ပေါင်းစုဘက်မှ လက်နက်ကြီး၊ Drop Bombများ၊ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖြစ်ပြီး PDF တပ်ပေါင်းစုများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်တပ် ဘက်မှ ၅ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာရှိ စစ်တပ်နှင့် ပျူစောထီးအဖွဲ့များ တပ်စွဲထားသောနေရာကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၉ ဦး သေဆုံး ခဲ့ကြောင်းသိရသည်။

အဆိုပါ တပ်စွဲထားသော နေရာကို မြင်းခြံအခြေစိုက် ZERO ပြောက်ကျားတပ်ဖွဲ့ မြင်းခြံနှင့် စစ်ကိုင်းခရိုင်တပ်ရင်း ၂ တို့ ပူးပေါင်းကာ စီးနင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးနှင့် စစ်သား ၉ ဦးသေဆုံးကာ ZERO ပြောက်ကျား တပ်ဖွဲ့ဘက်မှလည်း အသက် ၂၄ နှစ်အရွယ် RPG လက်ဖြောင့်တပ်သား ဒုတပ်ခွဲမှူး ရဲဘော် အောင်ကိုဇင် ကျဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာတွင်မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ခြေလျင်စစ်ကြောင်းကို ဇူလိုင်လ ၂၂ ရက် နံနက် ၉ နာရီ ၃၇ မိနစ်တွင် မာလဲတောလမ်းခွဲအနီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းမြို့နယ် ပ.က.ဖ နှင့် Fight For Federal တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ထိခိုက် ဒဏ်ရာရသော စစ်သားများကို လူနာတင်ကားနှင့် လာရောက် သယ်ဆောင်သွားပြီး သေဆုံး ထိခိုက်မှု စာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အလားတူ ချင်းပြည်နယ် မင်းတပ်မြို့တွင် အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီး ဖုန်းလိုင်းများလည်း ဖြတ်တောက်ထားကြောင်း Chin Defence Force – Mindat တပ်ဖွဲ့ ထံမှသိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့တွင် မကွေးတိုင်း ပခုက္ကူမြို့မှတက်လာသည့် စစ်ကား ၁၀၅ စီးပါ ယာဥ်တန်းကို သည် မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် မင်းတပ်မြို့ ခလရ ၂၇၄ တပ်ထဲသို့ ဝင်ရောက်သွားပြီး ည ၈ နာရီ ၁၅ မိနစ်တွင် မင်းတပ်မြို့နယ် အနောက်ဘက်များသို့ လက်နက်ကြီး ၇ ချက် ည ၁ နာရီအချိန်တွင် လက်နက်ကြီး ၄ချက် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၄၄ မိနစ်တွင် မင်းတပ်မြို့နယ်များအတွင်း ဖုန်းလိုင်းများ ပြတ်တောက်နေပြီး နံနက် ၈ နာရီ ၃၀ မိနစ် စစ်ကား ၅ စီး၊ ၉ နာရီ ၃၀ မိနစ် တွင် စစ်ကား ၆၁ စီးတို့ဖြင့် ကင်းပုန်းများ ပြန်သိမ်းသွားကာ နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ကျောက်ထုမြို့ အမြှောက်တပ် ထဲသို့ပြန်ဝင်သွားကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၂၁ ရက်နေ့ ည ၈ နာရီ ၅၇ မိနစ်တွင် မင်းတပ်မြို့နယ် တစ်ဝိုက်ကို စစ်လေယာဥ် ၁ စီးဖြင့် ပျံဝဲခဲ့ပြီး မင်းတပ်မြို့နယ်ရှိ ကျေးရွာများဘက်ကို စစ်တပ်က ထိုးစစ်ဆက်တိုက် ဆင်လာနိုင်ပြီး ဖုန်းလိုင်းများပြတ်တောက်နေကြောင်း Chin Defence Force – Mindat တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ဇူလိုင်လ ၂၁ ရက်နေ့ ၊ ည ၈နာရီအချိန် အင်္ကုက္ကားရွာ အနောက်ဘက် ကျွန်းတောတွင် ကျွန်ုပ်တို့ တပ်ရင်း၈တပ်ခွဲ၁ဖြစ်သော Guerrilla Warfare K.P.K၊ TSR၊ PLA ၊ PRLF၊ Taze Tiger ၊ Nine Star ၊တပ်ရင်း ၁၆ ၊တပ်ရင်း၁၀ ၊ ပကဖ နှင့် ပလဖ ပူးပေါင်းဆောင်ရွက်ရေး မိုင်းအဖွဲ့မှ မိုင်း၆လုံး ပဒေသာတွဲထားသောနေရာသို့ စစ်တပ်နှင့်ပျူစောထီးများ ရောက်ရှိလာ၍ မိုင်းဆွဲလိုက်ရာ စစ်သားနှင့် ပျူစောထီး ၃ ဦးသေပြီး ၂ ဦးဒဏ်ရာရရှိကြောင်း Guerrilla Warfare – K.P.Kက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article