ရန်ကုန်၊ မေ ၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့နှင့် စစ်တပ်က တွေ့ခွင့်ပေးမည်၊ မပေးမည်ကို မသိရှိရသေးဘဲ လာမည့် တနင်္ဂနွေနေ့တွင် ထောင်ဝင်စာပေးနိုင်ရေး ရှေ့နေအဖွဲ့က ကြိုးပမ်းသွားမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၃၀ ရက်နေ့ညပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံသည့်နေရာကို သတ်မှတ်ထားသော နေအိမ်သို့ ပြောင်းလဲခဲ့ကြောင်း၊ ထို့ကြောင့် လာမည့် တနင်္ဂနွေနေ့ ထောင်ဝင်စာ ပေးပိုရမည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ စစ်တပ်က တွေ့ခွင့်ပေးမည်၊ မပေးမည်ကို မသိရှိကြောင်း ရှေ့နေအဖွဲ့က ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေအနေနဲ့ သပ်သပ်ကြီးတော့ သွားတွေ့တာ မဟုတ်ဘူး။ ရှေ့နေတွေက ဒေါ်အောင်ဆန်းစုကြည် အမှုကို လိုက်ရင်းနဲ့ ထောင်ဝင်စာ အမြဲပို့တယ် ပုံမှန်ပို့တယ်။ ဆန်းဒေး ဆို သွားတာပဲ။ အဲဒီတော့ လာမယ့် ဆန်းဒေး ကို ထောင်ဝင်စာ ပို့မှာပေါ့။ ဒေါ်ဆောင်ဆန်းစုကြည်ကို သွားတွေ့မှာ မဟုတ်သေးဘူး။ ထောင်ဝင်စာ သွားပို့မှာ။ တွေ့ခွင့်ရရင်လည်းတွေ့မှာပေါ့။ ဘယ်မြို့နယ်ထဲမှာ နေအိမ်အကျယ်ချုပ်ထားလဲ ဆိုတာလဲ မသိဘူး။ ဟိုကျမှ သိရမှာ သူတို့က ဘယ်သူ့ကိုမှ မပြောဘူးလေ။ ကျနော်တို့ကို ပြောတာလည်း မဟုတ်ဘူး။ ဘယ်သူ့ကိုမှ ပြောတာမဟုတ်ဘူး။ နေအိမ်မှာ ထောင်ချလိုက်တာပဲ။ ထောင်မှာ နေရတာတော့ မဟုတ်တော့ဘူး။ မနက်ပိုင်းက ၆ ပုံ ၁ ပုံလျှော့ပေးလိုက်တယ်။ ပေးပြီးတော့ ညနေကျတော့ ၅၄၁ နဲ့ ထောင်အချုပ်ပြောင်းချလိုက်တာပဲ။ ထောင်ပဲ။ နေအိမ်ကို ထောင်လုပ်လိုက်တာပေါ့။ ဒီသဘောပဲ ဘာမှမလျော့ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ပြောဆိုသည်။
လတ်တလော စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ထုတ်ဖော်ပြသလိုက်သော်လည်း အငြင်းပွားစရာများစွာ ရှိနေဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။
” ညက ကြေညာတဲ့အတိုင်းပဲ ၅၄၁ နဲ့ နေအိမ်အကျယ်ချုပ်ချလိုက်တယ်အဲဒါပဲ သိရသေးတယ်။ ထောင်ပဲ အိမ်ကို ထောင်လုပ်လိုက်တာပဲ။ ဒါပေမယ့် သူ့ရုပ်ကို ထုတ်ပြလိုက်တယ်။ မသေသေးဘူးဆိုတာကို ပြတာပေါ့။ လူတွေက သေပြီသေပြီနဲ့ သူ့သားကလည်း ပြောနေတော့ အကုန်လုံးကလည်း ပြောနေတဲ့ အခါကျတော့ နိုင်ငံတကာကလည်း ပြောနေတော့ အဲဒါ ထုတ်ပြလိုက်တာပေါ့။ အဲဒါကိုလည်း AI နဲ့လို့ အမျိုးမျိုးပြောတာပေါ့။ အမျိုးမျိုးပြောတော့ ကျနော်တို့လည်း မသိဘူးလေ။ AIတွေလည်း နားလည်တာမဟုတ်ဘူး။ ရုပ်ကတော့ ကြည့်တဲ့ အခါကျတော့ ကျနော်တို့က ခန့်မှန်းလို့ ရတယ်လေ။ ထောင်ထဲမှာနေတဲ့ ကျနော်တို့ ဥက္ကဋ္ဌရဲ့ ရုပ်ပဲလေ။ ကျနော်တို့ သွားတွေ့ မှာတော့ မဟုတ်ပါဘူး။ ထောင်ဝင်စာ သွားတွေ့မှာပေါ့ ထုံးစံအတိုင်း ထောင်ဝင်စာသွားပို့မှာပေါ့။ ထောင်ဝင်စာသွားပို့ရင်လည်း သူ့ဆီကို တိုက်ရိုက်မရောက်သေးဘူး။ ရဲစခန်းကိုပဲပေးရတာ ရဲစခန်းပေးတဲ့ အခါကျတော့ ဟိုကလာယူမှာ စစ်တပ်က လာယူတာ ” ဟု ရှေ့နေအဖွဲ့က ဆက်လက်ပြောဆိုသည်။




