21 C
Yangon

ကရင်နီပြည် ၅ ရက်တာ တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦး သေဆုံး

Must read

ရန်ကုန်| ဇူလိုင် ၂၂

ကရင်နီပြည်မှာ ၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့ ဇူလိုင် ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၆ရက်က ဖရူဆိုအခြေစိုက် အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းက ဒေါလောခူရွာဘက်ကို ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် (၄)ဦးကို KNDF B15 နဲ့ ကရင်နီတပ်မတော် (KA) တို့က တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား (၁) ဦးသေဆုံးခဲ့ပြီး လက်နက်ငယ် (၁) လက် သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာလည်း ဇူလိုင်လ ၁၆ ရက် ညနေ ၆နာရီခန့်မှာ အူးခူရီးကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို KNDF/BO1၊ BO5 နဲ့ ကရင်နီ တပ်မတော် (KA) တို့က သွားရောက်တိုက်ခဲ့ရာမှာ မိနစ် (၃၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃ ဦး သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၁၈ ရက်က ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအတွင်းတပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို KNDF B05 နဲ့ B06 တို့က ရှောင်တခင် တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၁၈ ရက် မနက် ၅နာရီခန့်က ဖယ်ခုံမြို့နယ် မိုးဗြဲ အခြေစိုက် ခမရ (၄၂၂) တပ်ရင်းကို ကရင်နီတပ်မတော် (KA)၊ KNDF B03 နဲ့ KNDF B11 တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲ တစ်နာရီ နီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ၃ဦးသေဆုံးခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့၊ ပွဲကုန်းသုံးရပ်ကွက်အတွင်းရှိ ကက်သလစ်ဘုရားကျောင်းအတွင်း ဝင်ရောက်တပ်စွဲပြီး ရဟန်း၊သီလရှင်တွေနဲ့ ဘာသာဝင်တွေ၊ ကလေးသူငယ်တွေကို ဓါးစာခံ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် မွန်းလွဲ ၁နာရီခန့်မှာ ကရင်နီတပ်မတော်(KA)၊ Phekhon PDF၊ Moebye PDFနဲ့အတူ KNDF B03 နဲ့ B011 တို့ပူးပေါင်းပြီး ဘုရားကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်က ၄ဦးသေဆုံးခဲ့ပါတယ်။

ဇူလိုင် ၂၁ရက် ဖယ်ခုံအရှေ့ဘက်ခြမ်း စစ်ကောင်စီတပ် လဟယ်ကုန်းစခန်းကို Phekhon PDF၊ KNDF B03၊B02 နဲ့ B11 တို့ပူးပေါင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က ၉ဦး သေဆုံးခဲ့ပါတယ်။

ထို့အတူ ဝါရီဆူပလှိုင်ကျေးရွာ အနီးမှာလည်း KNDF B03 တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒီးမော့ဆိုမြို့နယ်ကျေးရွာတွေအတွင်း လက်နက်ကြီးတွေနဲ့ နေ့စဥ် ပစ်ခတ်တိုက်ခိုက်တဲ့အပြင် မိုးဗြဲနဲ့ ဖယ်ခုံတို့မှာ လည်း စစ်ကောင်စီတပ် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်ဒဏ်ရာရမှုရှိခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဓာတ်ပုံ- KNDF တပ်သားတစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article