“စိတ်ကိုပစ်တဲ့ စစ်”
By နေဘုန်းလတ်
တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်တိုက်ကြသည့် စစ်ပွဲတွေမှာ စစ်လက်နက်ပစ္စည်းတွေ၊ ကျည်ဆန်၊ ဗုံးဆန်တွေကို သုံးပြီး တစ် ဖက်ရန်သူရဲ့ ရုပ်ပိုင်းဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ချေမှုန်းကြသလိုပဲ စစ်လက်နက်ပစ္စည်းမဟုတ်တဲ့ အခြားသော နည်းလမ်းပေါင်းစုံ (ဥပမာ – စကားလုံးတွေ၊ ရုပ်ပုံတွေ၊ ကာတွန်းတွေ၊ သီချင်းတွေ၊ ရုပ်သံ တွေ၊ AI တွေ …) ကို သုံးပြီး တစ်ဖက်ရန်သူရဲ့ တိုက်ခိုက်လိုစိတ်ကို ဖြစ်စေတဲ့ ယုံကြည်မှု၊ ခံယူချက်၊ စိတ်ခွန်အား စတဲ့ စိတ်ပိုင်းဆိုင်ရာ ပစ်မှတ်တွေကိုလည်း တိုက်ခိုက်ချေမှုန်းလေ့ရှိကြပါတယ်။
ဒါ့ကြောင့်လည်း ရုပ်ပိုင်းဆိုင်ရာစစ်ဆင်ရေး (Physical Warfare) အပြင် စိတ်ဓာတ်စစ်ဆင်ရေး (Psychological Warfare)၊ သတင်းအချက်အလက်စစ်ဆင်ရေး (Information Warfare)၊ နည်းပညာစစ်ဆင်ရေး (Cyber Warfare) စတဲ့ စကားလုံးတွေရဲ့ အရေးပါမှုဟာ မျက်မှောက်ခေတ် တိုက်ပွဲတွေမှာ မေ့ထားလို့ မရတဲ့ အရာတွေ ဖြစ်လာပါတော့တယ်။
ရှေ့မှာ ရေးခဲ့တဲ့ စာတစ်ပုဒ်မှာ အကြမ်းဖက်စစ်တပ်ဘက်က စစ်လက်နက်ပစ္စည်းတွေ များစွာသုံးပြီး တော်လှန် ရေးကို အပြင်းအထန် တိုက်ခိုက်နေသလို တစ်ဖက်မှာလည်း လူအင်အား၊ ငွေအင်အား အများအပြားသုံးပြီး စိတ်ဓာတ်စစ်ဆင်ရေးနဲ့ သတင်းအချက်အလက်စစ်ဆင်ရေးတွေကို ယန္တရားတွေ သေချာတည်ဆောက်ဖွဲ့စည်းပြီး လုပ်နေတယ်ဆိုတာ ရေးခဲ့ပြီးပါပြီ။
ဒီဆောင်းပါးမှာတော့ စိတ်ဓာတ်စစ်ဆင်ရေး (Psychological Warfare) နဲ့ သတင်းအချက်အလက်စစ်ဆင်ရေး (Information Warfare) ဆိုတာတွေက ဘာလဲ၊ ဘယ်လို အခြေခံစဉ်းစားချက်တွေအပေါ်မှာ စဉ်းစားပြီး အလုပ်လုပ်ကြသလဲ ဆိုတာတွေကို လေ့လာမိသလောက် ဝေမျှချင်ပါတယ်။
“စိတ်ကိုပစ်တဲ့ စစ်”
——————–
စိတ်ဓာတ်စစ်ဆင်ရေးဆိုတာဟာ ရန်သူရဲ့ စိတ်ကူး၊ ထင်မြင်ယူဆချက်၊ စိတ်ခံစားမှု၊ စိတ်သဘောထားနဲ့ အပြု အမူတွေကို လွှမ်းမိုးချယ်လှယ်နိုင်ဖို့ ဝါဒဖြန့်ချိရေးနဲ့ အခြားသော စိတ်ဓာတ်စစ်ဆင်ရေး လုပ်ငန်းတွေကို စနစ်တကျ အစီအစဉ်ချပြီး လုပ်ဆောင်ခြင်းမျိုးဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ထားတာ ဖတ်ရပါတယ်။
စိတ်ဓာတ်စစ်ဆင်ရေးကို အတိုချုပ်အနေနဲ့ “စိတ်ကိုပစ်တဲ့ စစ်” လို့ ဖွင့်ဆိုရင် လုံလောက်ပြီ ထင်ပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ ပြုမူလုပ်ဆောင်ချက်တွေ အားလုံးဟာ ကျွန်တော်တို့ရဲ့ စိတ်ကနေ လာပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေးရဲ့ အဓိကရည်မှန်းချက်က တစ်ဖက်ရန်သူရဲ့ ပြုမူလုပ်ဆောင်ချက်တွေကို ပြောင်းလဲစေဖို့ဖြစ်ပြီး အဲဒီလို ပြောင်းလဲလာစေဖို့အတွက် အဓိကအရင်းအမြစ်ဖြစ်တဲ့ “စိတ်” ကို အဓိကပစ်မှတ်ထား လှမ်းပစ်တဲ့ စစ်ဆင်ရေးမျိုးပါ။ အဓိကရည်မှန်းချက် – ရန်သူရဲ့ ပြုမူလုပ်ဆောင်ချက်တွေပြောင်းဖို့၊ အဓိကပစ်မှတ် – စိတ် လို့ မှတ်လို့ရနိုင်ပါတယ်။
“ပြည်သူဟာ အကြမ်းဖက်စစ်တပ်ရဲ့ ရန်သူ”
——————————————
ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ရန်သူဆိုတာက တစ်ဖက်က ဆန့်ကျင်ဘက် အစုအဖွဲ့ကို ဆိုလိုတဲ့ သဘောပါ။ ဥပမာ – အခု ရုရှားနဲ့ ယူကရိန်း စစ်ဖြစ်နေတဲ့ အချိန်မှာဆိုရင် ရုရှားဘက်က စိတ်ဓာတ်စစ်ဆင်ရေးတွေက ယူကရိန်းခေါင်းဆောင်တွေ၊ စစ်သားတွေနဲ့ ပြည်သူတွေရဲ့ စိတ်ကို လှမ်းပစ်နိုင်ဖို့ ရည်ရွယ်ပါတယ်။
ကိုယ့်နိုင်ငံသားတွေ၊ ကိုယ့်လူလို့ ယူဆထားသူတွေထဲမှာ ကိုယ့်ကို ဆန့်ကျင်နေတဲ့၊ ဆန့်ကျင်ချင်နေတဲ့သူတွေ ရှိတယ်ဆိုရင်လည်း အဲဒီ အစုအဖွဲ့တွေက နောက်ထပ်သော ဦးတည်အစုအဖွဲ့ (Target Audience) တွေအဖြစ်နဲ့ ပါဝင်သွားတာမျိုး ရှိနိုင်ပါတယ်။
အမေရိကန်နဲ့ အီရန် စစ်ဖြစ်နေတဲ့ လက်ရှိအချိန်မှာဆိုရင်လည်း တစ်ဖက်နဲ့ တစ်ဖက် စိတ်ဓာတ်စစ်ဆင်ရေးတွေအဖြစ် အွန်လိုင်းပေါ်မှာရော မြေပြင်မှာပါ စကားလုံးတွေ၊ ရုပ်ပုံတွေ၊ ကာတွန်းတွေ၊ သီချင်းတွေ၊ ရုပ်သံတွေ၊ AI တွေ စသဖြင့် အမျိုးမျိုးသုံးပြီး ပစ်မှတ်ကို ပစ်ခွင်းစစ်ဆင်နေတာတွေ တွေ့ကြရမှာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင်တော့ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုတစ်ရပ်လုံးကို ရန်သူသဖွယ် သဘောထားပြီး တော်လှန်ရေးကို ဖြိုခွင်းဖို့ ကြိုးစားနေတာဖြစ်လို့ သူတို့ဟာ တော်လှန်ရေးခေါင်း ဆောင်တွေ၊ တော်လှန်ရေးသမားတွေ၊ တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးရဲ့ စိတ်ကို ပစ်မှတ်သဖွယ် သဘောထားပြီး လှမ်းလှမ်းပစ်နေတယ်ဆိုတာကို သတိချပ်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
စိတ်လို့ တစ်လုံးတည်း ပြောလိုက်ပေမဲ့ ထပ်ပြီး ခွဲခြမ်းစိပ်ဖြာကြည့်မယ်ဆိုရင်တော့ သိစိတ်၊ မသိစိတ်၊ စိတ်ကူး၊ ထင်မြင်ယူဆချက်၊ စိတ်ခံစားမှု၊ စိတ်သဘောထား၊ ယုံကြည်ချက်၊ ခံယူချက်၊ စိတ်ပိုင်းဖြတ်မှု၊ စိတ်အစုအဝေး (Mindset) စတဲ့ တူမယောင်နဲ့ ကွဲတဲ့ နောက်ထပ် စကားလုံးတွေ ထပ်ထွက်လာတာကို တွေ့ရပါတယ်။
ရှင်းရှင်းပြောရရင်တော့ စိတ်ဓာတ်စစ်ဆင်ရေးဟာ အပေါ်မှာရေးလိုက်တဲ့ စကားလုံးတွေအပြင် ကျန်နေနိုင်သေးတဲ့ စိတ်နဲ့ပတ်သက်တဲ့ ပစ်မှတ်တွေအားလုံးကို ပစ်ခတ်ဖျက်ဆီးဖို့၊ ယိုယွင်းပုံပျက်သွားစေဖို့၊ ယိမ်းယိုင်ပြိုလဲသွားစေဖို့ ကြိုးစားတဲ့ စစ်ဆင်ရေးတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သိစိတ်ရော မသိစိတ်ကိုရော ပစ်ပါလိမ့်မယ်၊ ကျွန်တော်တို့ရဲ့ စိတ်ကူးတွေကို ပစ်ပါလိမ့်မယ်၊ ကျွန်တော်တို့ရဲ့ ထင်မြင်ယူဆချက်တွေကို ပစ်ပါလိမ့်မယ်၊ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုတွေ၊ စိတ်သဘောထားတွေကို ပစ်ပါလိမ့်မယ်၊ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေ၊ ခံယူချက်တွေကို ပစ်ပါလိမ့်မယ်၊ ကျွန်တော်တို့ရဲ့ စိတ်အစုအဝေး (Mindset) နဲ့ စိတ်ပိုင်းဖြတ်မှုတွေကို ပစ်ပါလိမ့်မယ်။
“Keyword များကို ထပ်ခါထပ်ခါ အသုံးပြုခြင်း”
———————————————
စိတ်ဓာတ်စစ်ဆင်ရေးနည်းနာများစွာ ရှိတဲ့အထဲမှာ တစ်ခုကတော့ အယူအဆအချို့ကို ချေဖျက်ဖို့ အဓိကစကား လုံး (Keyword) တွေကို ထပ်ခါထပ်ခါ သုံးတဲ့ နည်းနာတစ်ခုရှိပါတယ်။ လက်ရှိအချိန်မှာဆိုရင် NUG နဲ့ပတ်သက်ပြီး “လေလှိုင်းအစိုးရ” ဆိုတာမျိုး၊ တော်လှန်ရေးအင်အားစုတွေအားလုံးကို “ခွက်ခေါက်” ဆိုတာမျိုး၊ PDF တွေကို “ပဒတ်”၊ “ကွန်ဒုံး” ဆိုတာမျိုး စကားလုံးတစ်မျိုးမျိုးကို ထပ်ခါထပ်ခါ သုံးပြီး နားစွဲအောင်၊ စိတ်ထဲစွဲသွားအောင် လုပ်လေ့လုပ်ထ ရှိပါတယ်။
တော်လှန်ရေးဘက်ကဆိုရင်လည်း စစ်တပ်လော်ဘီတွေကို “၆၈၀၀ စား”၊ မအလကို “ကြင်စိုး”၊ စစ်တပ်ကို “ဖက်ဆစ်စစ်တပ်” ဆိုတာမျိုးတွေ သုံးကြတဲ့ သဘောမျိုးပေါ့။
နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်က စလို့ NUG ရဲ့ တာဝန်ရှိသူအများစု တော်လှန်ရေးရဲ့ စိုးမိုးနယ်မြေတွေထဲမှာ ရှိနေတာတွေကို သတင်းတွေရော၊ ဓာတ်ပုံတွေရော၊ ဗီဒီယိုတွေရောနဲ့ ထုတ်ပြန်ထားတာတွေ ရှိသလို အဲဒီ အမှန်တရားကို သူတို့ကိုယ်တိုင် သိနေပေမဲ့ စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး တာဝန်ယူထားသူတွေဟာ အဲဒီ အမှန်တရားကို မသိချင်ယောင်ဆောင်ပြီး ချေဖျက်နိုင်ဖို့အတွက် လေလှိုင်းအစိုးရ၊ လေထဲကအစိုးရ ဆိုတဲ့ စကား လုံးတွေကို ထပ်ခါထပ်ခါ သုံးစွဲကြတာ တွေ့ရပါလိမ့်မယ်။
ဒီလိုပဲ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်က PDF တွေ၊ ပကဖတွေ မြေပြင်မှာ တိုက်ပွဲတွေ ဆင်နွှဲပြီး အသက်ပေးကြရသူတွေ ရှိနေတာတွေကိုလည်း သိသိနဲ့ ဒီအမှန်တရားကို ချေဖျက်နိုင်ဖို့ “NUG က စစ်တကယ်မတိုက်ဘူး” ဆိုတဲ့ Keyword ကို ထပ်ခါထပ်ခါ သုံးတာတွေကိုလည်း တွေ့ရပါလိမ့်မယ်။
အခုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲမှာ မတရားဖမ်းဆီးချုပ်နှောင်ထားရာကနေ အခြားနေရာတစ်ခုကို ပြောင်းလဲချုပ်နှောင်တဲ့ ကိစ္စမှာလည်း သူတို့ ပြန့်နှံ့စေချင်တဲ့ စကားလုံးတွေ၊ ဓာတ်ပုံတွေကို ပိုမိုပြန့်နှံ့အောင် လုပ်တဲ့ နည်းနာကို သုံးတာတွေ့ရပါလိမ့်မယ်။ စကားလုံးတွေကနေတစ်ဆင့် သူတို့ လိုချင်သော ဇာတ်ကြောင်း (Narrative) ကို ပုံဖော်တာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အားလုံး အထူးသတိထားကြဖို့ လိုပါလိမ့်မယ်။
“ကိုယ်တိုင် စစ်တပ်ရဲ့ ဆိုက်ဝါး မိနေလား”
—————————————–
ကျွန်တော်တို့တွေ တစ်နေ့တစ်နေ့ လူမှုကွန်ရက်တွေပေါ်မှာပဲဖြစ်ဖြစ်၊ အခြားဆက်သွယ်ရေး ချန်နယ်တွေမှာပဲဖြစ်ဖြစ်၊ လက်တွေ့ဘဝတွေမှာပဲဖြစ်ဖြစ် မြင်နေ၊ ကြားနေ၊ တွေ့နေ၊ ကြုံနေကြရတာတွေ အားလုံးဟာ သဘာဝအလျောက် ဖြစ်တည်ပေါ်ပေါက်လာကြတာတွေ မဟုတ်ဘဲ အကြမ်းဖက်စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး လုပ် ဆောင်ချက်တွေရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေနိုင်တယ်၊ အကြမ်းဖက်စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး ယန္တရားတွေနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေနိုင်တယ်ဆိုတာကို အထူးသတိချပ်ကြဖို့ လိုပါလိမ့်မယ်။
နောက်တစ်ခု သတိချပ်သင့်တာကတော့ ကျွန်တော်တို့ကိုယ်တိုင် သေချာသတိမထားမိဘဲ အကြမ်းဖက်စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကျည်တွေ ကျွန်တော်တို့မှာ ထိနေတတ်ပြီး အဲဒီ ဒဏ်ရာတွေရဲ့ သက်ရောက်မှုကို ကျွန်တော်တို့ ခံနေရနိုင်တာပါ။
နောက်ထပ် ထပ်ပြီး သတိချပ်ကြရမယ့် ကိစ္စကတော့ ကျွန်တော်တို့ ကိုယ်တိုင် သေချာသတိမထားမိဘဲ အကြမ်းဖက်စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး ကျည်ဆန်တွေကို ထပ်ဆင့်မျှဝေတာ၊ ပိုပျံ့နှံ့စေတာ၊ အသံပိုကျယ်အောင် လုပ်ပေးတာမျိုးတွေနဲ့ ကိုယ့်အချင်းချင်းကို ထပ်ထပ်ပစ်မိနေတတ်တာပါပဲ။ သူတို့ သုံးလေ့သုံးထရှိတဲ့ Keyword တွေကို ကျွန်တော်တို့ကိုယ်တိုင်က ပြန်သုံးမိနေပြီး သူတို့ ဖြစ်စေချင်တဲ့ ဇာတ်ကြောင်းတွေထဲ မျောပါသွားတာမျိုးတွေဟာ ကျွန်တော်တို့ကိုယ်တိုင် သတိမထားမိဘဲ စစ်တပ်ရဲ့ ဆိုက်ဝါးမိသွားတာပဲ။
အကြမ်းဖက်စစ်တပ်က လုပ်နေတဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတာနဲ့ ပတ်သက်ပြီး စာတစ်ပုဒ် သက်သက်ထပ်ရေးပါဦးမယ်။ ဒါပေမဲ့ အဲဒီ စိတ်ဓာတ်စစ်ဆင်ရေးကို တုံ့ပြန်ခြင်း နည်းနာတွေထဲမှာ “ရန်သူဟာ စိတ်ဓာတ်စစ်ဆင်ရေးကို ဘယ်လိုတွေ လုပ်လေ့လုပ်ထ ရှိသလဲဆိုတာကို နားလည်သဘောပေါက်အောင် ကြိုးစားလေ့လာခြင်း” က အရေးကြီးတဲ့ နည်းနာတစ်ခုအနေနဲ့ ပါဝင်ပါတယ်။
ဒါ့ကြောင့် ဒီနွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်တပ်ဘက်က တိုက်နေတဲ့ “စိတ်ကိုပစ်တဲ့ စစ်” တွေမှာ ကျွန်တော်တို့ မရှုံးဖို့၊ အနိုင်ရဖို့ အကြမ်းဖက်စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး ယန္တရားတွေအကြောင်း၊ နည်းနာတွေအကြောင်းကို ပြည်သူတစ်ယောက်ချင်းစီတိုင်း သိနားလည်ထားပြီး တန်ပြန်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဒီစာကို အဆုံးသတ်ပါရစေ။
အရေးတော်ပုံ မုချအောင်ရမည်။
(နေဘုန်းလတ်သည် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။)




