30.5 C
Yangon

မိုးဗြဲတွင် တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှု အဖြစ်မှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှု ရရှိရေး IEC နှင့် ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့တို့ ပူးပေါင်းစစ်ဆေးမည်

Must read

ရန်ကုန်၊ မေ ၂

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသ၌ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ပစ်ခတ်မှုနှင့် ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေးတို့အတွက် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) နှင့် ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့တို့ ပူးပေါင်းစစ်ဆေးမည်ဖြစ်ကြောင်း IEC အထွေထွေ အတွင်းရေး မှူး-၂ ဗညားခွန်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မိုးဗြဲဒေသ၌ အမှတ် ၁ အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) တပ် နှင့် ရှမ်းတောင်-ကရင်နီတိုင်း စစ်ဌာန ဗျူဟာအမှတ် ၁၄ ကွက်ကဲမှုအောက်ရှိ အမှတ် ၁၀၀၁ မိုးဗြဲပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်များနှင့် အောင်မင်းခေါင်းဆောင်သော Mobye Local PDF တပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့ရာ အောင်မင်းခေါင်းဆောင်သော Mobye Local PDF ဘက်မှ ခေါင်းဆောင် အောင်မင်း အပါ အဝင် ရဲဘော် ၉ ဦး ကျဆုံးခဲ့ကြောင်း၊ ထို့အပြင် တော်လှန်ရေးအင်အားစုမှ ရဲဘော် ၃ ဦး ဒဏ်ရာရရှိပြီး ၁ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မိုးဗြဲဒေသတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကရင်နီတပ်ပေါင်းစုံကိုယ်စားလှယ် ၉ ဦး ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဧပြီလ ၂၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အဖြစ်မှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေးတို့အတွက် စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုရလဒ်များအပေါ် အခြေခံ၍ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် လိုအပ်သော အရေးယူဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း IEC နှင့် ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ထုတ်ပြန်သည်။

“ဧပြီလ ၁၆ ရက်နေ့ကတည်းက လက်နက်ဖြုတ်သိမ်းရေးတောင်းဆိုထားတဲ့အတွက် ဒီအပေါ်မှာ ညှိနှိုင်းဆွေးနွေးရင်းနဲ့ ပစ်ခတ်မှုဖြစ်တယ်လို့ပဲ ကျနော်တို့ အကြမ်းဖျင်း သိရတာပေါ့၊ ပြီးတော့ လိုအပ်တဲ့ ဖြုတ်သိမ်းရေးတွေ၊ သိမ်းဆည်းရေးတွေလုပ်ပြီးတော့မှ လက်နက်ခဲယမ်းမီးကျောက်တွေကို လူထုကို တရားဝင်အပ်နှင်းတဲ့ ပွဲလုပ်လိုက်ပြီ၊ ဒါကတော့ သူတို့ထုတ်ပြန်ထားတာလည်း တွေ့ရတယ်၊ အသေးစိတ်ကိုတော့ ကျနော်တို့ JSC ပေါ့နော်၊ ကရင်နီတပ်ပေါင်းစုံကနေ ၉ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပြီးတော့မှ အဲဒီ ၉ ဦးကလည်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ပါပါတယ်။ အဲဒီကိုယ်စားလှယ်တွေနဲ့အတူ စုံစမ်းစစ်ဆေးမှုကို အသေးစိတ် ဆက်လုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုစဖြစ်လဲဆိုတဲ့ အသေးစိတ်ကိုတော့ ပြောလို့မရသေးဘူး၊ စုံစမ်းစစ်ဆေးချက်ကနေ ထွက်ပေါ်လာမှာပဲ မူတည်ပြီးတော့ ပြောလို့ရပါမယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့တွေ့ရှိချက်အပေါ်မှာမှ ပြောလို့ရမှာပါ။ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေ ထွက်ပေါ်လာတဲ့အချက်အပေါ်မှာပဲ ပြောပေးလို့ရပါ့မယ်။ လောလောဆယ်ကတော့ ဒီလောက်ပဲ မှတ်ချက်ပြုနိုင်ပါတယ်။” ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး-၂ ဗညားခွန်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ကြောင့် အရပ်သားပြည်သူများအားလုံး၏ လူမှုဘဝလုံခြုံရေး၊ တော်လှန်ရေးကာလ လူထုအုပ်ချုပ်မှု တည်ငြိမ်အေးချမ်းရေး၊ တော်လှန်ရေးအင်အားစုများ ညီညွတ်ရေးနှင့် တရားမျှတမှု ပေါ်ပေါက်ရေးတို့အတွက် သက်ဆိုင်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြပါရန် ကာကွယ်ရေးဌာန (IEC) နှင့် ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ပူးတွဲထုတ်ပြန်ထားသည်။

အောင်မင်းသည် မိုးဗြဲအခြေစိုက် (Mobye Local PDF) တပ်ဖွဲ့အဖြစ် မရပ်တည်မီ ယခင်ကာလတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကွပ်ကဲမှုအောက်ရှိ အမှတ်-၁၀၀၁ မိုးဗြဲပြည်သူ့ကာ ကွယ်ရေးတပ်တွင် တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ထိုသို့ တာဝန်ယူချိန်ကာလအတွင်းတွင် တော်လှန်ရေးအတွက် ပြည်သူလူထုထောက်ပံ့ကူညီမှုမှ ရရှိသောအထောက်အပံ့များ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) မှ ရရှိသော လက်နက်၊ ခဲယမ်းများအပြင် တခြားသော စစ်ရေးအထောက်အပံ့များနှင့် တိုက်ပွဲအတွင်း ရန်သူ့ထံမှ သိမ်းဆီးရမိသော လက်နက်၊ ခဲယမ်းများကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ခြင်းနှင့် တပ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုလုပ်ရပ်များကို ဖောက်ဖျက်ကျူးလွန်ခြင်းများ ရှိခဲ့ကြောင်း အမှတ် ၁ အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) က ပြည်သူလူထုထံသို့ အစီရင်ခံထားသည်။

ထိုသို့သောလုပ်ရပ်များကြောင့် တပ်တွင်းဦးဆောင်သူအသစ် ပြန်လည်ရွေးချယ်ခန့်အပ်နိုင်ရန်အတွက် တပ်ဖွဲ့အကြား ညှိနှိုင်းဆောင်ရွက်ရာတွင် အောင်မင်းမှ လက်သင့်မခံနိုင်ဘဲ မိုးဗြဲအခြေစိုက် (Mobye Local PDF) တပ်ဖွဲ့အဖြစ် ရပ်တည်ရန် ကြိုးစား၍ မည်သည့်တော်လှန်ရေးအဖွဲ့အစည်းများ၏ ဦးဆောင်စီမံကွပ်ကဲမှုအောက်တွင်မဆို မရပ်တည်ဘဲ သီးခြားဖွဲ့စည်းတည်ဆောက်ထားသော အစုအဖွဲ့ ဖြစ်လာခဲ့သည်ဟု ဆိုသည်။

အောင်မင်းဦးဆောင်သော (Mobye Local PDF) တပ်ဖွဲ့သည် အရပ်ဘက်ဆိုင်ရာနှင့် ပတ်သက်ပြီး စွဲချက်ပြစ်မှု တစ်စုံတစ်ရာ ခိုင်လုံမှုမရှိဘဲ “စက်တော်ရာသံဃာတော်ကျောင်းထိုင်ဘုန်းတော်ကြီးကို သတ်ဖြတ်ခြင်း၊ အလင်း ဝင် (CDM) တပ်သားများနှင့် စစ်သုံ့ပန်းများအား သတ်ဖြတ်ခြင်း၊ တော်လှန်ရေးရဲဘော် တပ်ခွဲမှူးအား လုပ်ကြံသတ်ဖြတ်ခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်း၊ အမျိုးသမီး၊ ဘာသာရေးခေါင်းဆောင်၊ ပြည်သူလူထုများအပေါ် လက်နက်အားကိုးဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ တော် လှန်ရေးအလွဲသုံးစားပြုလုပ်ခြင်း” စသည့် လုပ်ရပ်များနှင့် လူအခွင့်အရေးဆိုင်ရာ ကြီးမားသော ပြစ်မှုများစွာဖြင့် ထင်ရာစိုင်း ဥပဒေမဲ့လုပ်ရပ်များကို အထင်အရှား ကျူးလွန်ချိုးဖောက်ခဲ့ကြောင်း အသိပေးထားသည်။

ယင်းသို့သော ပြစ်မှုကြီးများနှင့် လက်နက်အာဏာကို အသုံးချပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများကိုလည်း နှောက်ယှက်ခြင်း၊ လက်နက်မဲ့အရပ်သားပြည်သူများအပေါ် နိုင်ထက်စီးနှင်းပြု အနိုင်ကျင့်ဗိုလ်ကျခြင်းနှင့် အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းစသော လုပ်ရပ်များအား နှစ်ရှည်လများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး၊ ဘာသာရေးအသင်းအဖွဲ့၊ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများမှ ၎င်း၏ ပြစ်မှုချိုးဖောက်ခြင်းလုပ်ရပ်များကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးနှင့် ပြည်သူလူထုများ၏ လုံခြုံရေးအတွက် ခိုင်မာသော အာမခံချက်ပေးရေး စသောကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာကြရန် ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း အောင်မင်းမှ အကြိမ်ကြိမ် လျစ်လျူရှုခဲ့သည်သာမက၊ ၎င်းကျူးလွန်သော ပြစ်မှုများ၊ အရပ်သားအပေါ် အနိုင်ကျင့်ဖိနှိပ်သော လုပ်ရပ်များနှင့် ပတ်သက်၍ သွားရောက်ညှိနှိုင်းဆောင်ရွက်ရန် ကြိုးစားခဲ့သည့် မည်သူမည်ဝါ၊ မည်သည့်အဖွဲ့အစည်းကိုမဆို စစ်ရေးနည်းဖြင့်သာ ဖြေရှင်းမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုအသီးသီးမှ တော်လှန်ရေးဂုဏ်သိက္ခာ၊ အမျိုးသားရေးဂုဏ် သိက္ခာ၊ ဒေသတွင်းဂုဏ်သိက္ခာကို စောင့်ထိန်းသောအားဖြင့် အချင်းချင်း သွေးစီးချောင်းစီးမှုများ မဖြစ်ပွားရန် စောင့်ထိန်းနေမှုကို အခွင့်ကောင်းယူကာ ပြည်သူလူထုများအပေါ် လက်နက်၊ တပ်ဖွဲ့အားကိုးဖြင့် ခြိမ်းခြောက်အနိုင်ကျင့်မှု၊ နိုင်ထက်စီးနှင်း ဗိုလ်ကျအနိုင်ကျင့်မှု စသော လုပ်ရပ်များကို တစ်နေ့တခြား ပိုမိုကျူးလွန်လုပ်ဆောင်လာခဲ့ကြောင်း ထောက်ပြထားသည်။

ထို့ကြောင့် ဧပြီလ ၁၆ ရက် နံနက် ၁၀ နာရီတွင် ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီဝင်များ၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုမှူးများနှင့် ဒေသတွင်းရှိ တော်လှန်ရေးတပ်အင်အားစုများ ပါဝင်သော အစည်းအဝေးတစ်ရပ် ပြုလုပ်ကာ ၎င်းတပ်ဖွဲ့အား “အပြီးတိုင်ဖျက်သိမ်းရန်၊ ပြည်သူ့လူထုမှ ထောက်ပံ့ပေးသော လက်နက်၊ ခဲယမ်းများအားလုံးကို လူထုထံ ပြန်လည်အပ်နှံရန်နှင့် ကျူးလွန်ခဲ့သော ပြစ်မှုလုပ်ရပ်များကို ဥပဒေအရ တာဝန်ယူတာဝန်ခံမှုရှိရေး အစီအမံ” ကို သဘောတူ ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုလမ်းညွှန်ဆုံးဖြတ်ချက်များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် တော်လှန်ရေးအင်အားစုများဖြစ်သော အမှတ် ၁ အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) တပ် နှင့် ရှမ်းတောင်-ကရင်နီတိုင်း စစ်ဌာန ဗျူဟာအမှတ် ၁၄ ကွက်ကဲမှုအောက်ရှိ အမှတ် ၁၀၀၁ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်တို့မှ ပူးပေါင်းပြီး တွေ့ဆုံဆွေးနွေးရန် သွားရောက်စဉ် အောင်မင်းတို့အဖွဲ့နှင့် မိုးဗြဲအနောက်ဘက်ခြမ်း လမ်းခုလပ်တစ်နေရာ၌ တွေ့ရှိရာ အထက်ဖော်ပြပါ ဆွေးနွေးချက်များအား အပြန်အလှန်ပြောဆို ငြင်းခုံမှုဖြစ်ခဲ့ပြီး အောင်မင်းတို့မှ လက်သင့်မခံနိုင်သဖြင့် ကတောက်ကဆ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုကတောက်ကဆဖြစ်ပွားရာမှတစ်ဆင့် တော်လှန်ရေးအင်အားစုများကို ဦးစွာပစ်ခတ်ရန် အောင်မင်းမှ ၎င်း၏ နောက်လိုက်တပ်သားများအား အမိန့်ပေးစေခိုင်းသောကြောင့် ဧပြီလ ၂၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် နှစ်ဦးနှစ်ဖက် ပစ်ခတ်မှု ကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုမှ ရဲဘော် ၃ ဦး ဒဏ် ရာရရှိပြီး ၁ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်း၊ အောင်မင်းခေါင်းဆောင်သော Mobye Local PDF ဘက်မှလည်း ခေါင်းဆောင် အောင်မင်း အပါအဝင် ရဲဘော် ၉ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားပြီးနောက် မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ မဖြစ်ပွားရန်အတွက် (Mobye Local PDF) တပ်၏ နောက်ချန်တပ်စခန်းတွင် ကျန်ရှိနေသော ရဲဘော်များအား ထိန်းသိမ်း၍ ကရင်နီပြည်လုံခြုံရေးတပ်ဖွဲ့ထံတွင် အပ်နှံကာ ခေတ္တထိန်းသိမ်းထားခဲ့သည်ဟု ဆိုသည်။

ဧပြီလ ၂၇ ရက်နေ့တွင် အောင်မင်းဦးဆောင်တပ်ဖွဲ့ (MB Local PDF) ကို မိုးဗြဲနယ်ပြည်သူလူထုများ၏ သဘော ဆန္ဒနှင့်အညီ “တပ်ဖွဲ့ဖျက်သိမ်းရေးနှင့် လက်နက်ဖြုတ်သိမ်းရေးအစီအမံ” ကို တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် အမှတ် ၁ အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) နှင့် ပြည်ထောင်စုကာကွယ်ရေးတပ် (MOD)၊ အမှတ် ၁၄ ဗျူဟာ-ကွက်ကဲမှုအောက် အမှတ်-၁၀၀၁ တပ်ဖွဲ့မှ ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး အောင်မင်းဦးဆောင်သော (Mobye Local PDF) တပ်ဖွဲ့ထံမှ သိမ်းဆည်းရရှိထားသော လက်နက်၊ ခဲယမ်း၊ မီးကျောက်များအားလုံးကို အများပြည်သူလူထုထံ ပြန်လည်အပ်နှင်းလိုက်သည်ဟု သိရှိရသည်။

ပြည်သူလူထု၏ ဆန္ဒတောင်းဆိုချက်အရ “လက်နက်ဖြုတ်သိမ်းရေးနှင့် တပ်ဖွဲ့ဖြုတ်သိမ်းရေး အစီအမံဆိုင်ရာအား ကိုင်တွယ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ဆက်တွဲ တာဝန်ယူမှု၊ တာဝန်ခံနိုင်ရန် ကြားကာလဖွဲ့စည်းထားသော ကရင်နီပူးတွဲစစ်ဦးစီးအဖွဲ့ (JCS) ၏ စစ်ခုံရုံးအောက်မှတစ်ဆင့် စစ်အက်ဥပဒေနှင့်အညီ တရားနည်းလမ်းတကျ ဥပဒေလမ်းကြောင်းအရ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တရားရင်ဆိုင်ရေးကာလ ဖြေရှင်းပြီးမြောက်သွားသောအခါ ကျန်ရှိနေသေးသော မိုးဗြဲ Local PDF တပ်ဖွဲ့ရှိ ရဲဘော်များအား ပြန်လည်စီစစ်ပြီး စစ်အာဏာရှင်တော်လှန်ရေးအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်လိုပါက တိုက်ခိုက်ခွင့်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

တော်လှန်ရေးအင်အားစုသည် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တော်လှန်နိုင်မှသာလျှင် စစ်မှန်သော လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိမည်ဟု အခိုင်အမာ ယုံကြည်သော လက်နက်ကိုင်တော်လှန်ရေး အင်အားစုဖြစ်ကြောင်း ပြောဆိုထားသည်။

ယခုဖြစ်စဉ်သည် ပုဂ္ဂိုလ်ရေးအရ သော်လည်းကောင်း၊ အဖွဲ့အစည်းအချင်းချင်းအရ သော်လည်းကောင်း၊ ရန်ငြိုး အာဃာတဖြင့် ဖြစ်ပျက်ခဲ့သည်မဟုတ်ဘဲ တော်လှန်ရေးရပ်တည်ချက်အရ ဖြစ်ပွားခဲ့သည်သာဖြစ်ကြောင်း၊ လက်နက်အာဏာကို အသုံးပြုကာ စစ်မှန်သော ပြည်သူ့အုပ်ချုပ်ရေးစနစ်အပေါ် ဟန့်တားနှောက်ယှက်ခြင်း၊ ပြည်သူလူထုအပေါ် ဖိနှိပ်ခြင်း၊ နိုင်ထက်စီးနှင်းပြုလုပ်ခြင်းများကို ဆန့်ကျင်တော်လှန်၍ ပြည်သူလူထုနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း အမှတ် ၁ အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) က ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးကို ဟန့်တားနှောင့်နှေးစေသော လုပ်ရပ်များ၊ ဒေသတွင်း အာဏာရှင်စနစ် တည်ဆောက်သော လုပ်ရပ်များ၊ အကြမ်းဖက်စစ်အာဏာရှင်စစ်တပ်ကို စစ်ရေးအရ၊ နိုင်ငံရေးအရ အထောက်အကူပြုသော မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article