30.5 C
Yangon

နတ်တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု ၆ ဦးသေဆုံး၊ စလင်းမြို့ပေါ်ရှိ တပ်စွဲထားသောနေရာများလည်း ဖောက်ခွဲတိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ မေ ၂

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆၊ ဧရာညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဧပြီလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ပဲမခဲကျေးရွာမှ သယာကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆ နှင့် ခရိုင် (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့မှ ရဲဘော်များက လမ်းပိုင်းတစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးကာ ၆ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၆ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ကန့်သာယာကျေးရွာဘက်မှ ပဲမခဲကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆ (ဧရာညီနောင်စစ်ကြောင်း) နှင့် ခရိုင် (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာမူ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စက်တပ်လေထီး ၃ စီး၊ ဟောင်ဝှစ်ဇာ လက်နက်ကြီးများနှင့် ဒရုန်းများကို အသုံးပြု၍ ပစ်ကူပေးတိုက်ခိုက်ခဲ့သည့်အပြင် ပဲမခဲကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းကာ အထက်တန်းကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“နတ်တလင်းဘက်ကို စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ စစ်သား ၆ ကောင်သေပြီး ထိခိုက်ဒဏ်ရာရတာ တော်တော်များတယ်” ဟု ဧရာညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူက ဆိုသည်။

အလားတူ မကွေးတိုင်း၊ စလင်းမြို့ပေါ်ရှိ ရွှေမန်းရုံနှင့် ကြံ့ခိုင်ရေးရုံးအနီး တပ်စွဲထားသော စစ်ကောင်စီဂိတ်စခန်းများကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထိခိုက်သေဆုံးနိုင်ကြောင်း ပြည်သူ့ညီနောင် – စလင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုပြည်သူက ပြောကြားသည်။

ဧပြီလ ၃၀ ရက်နေ့ ညနေ ၅ နာရီနှင့် ည ၈ နာရီဝန်းကျင်တွင် စလင်းမြို့ပေါ်ရှိ အဆိုပါနေရာများကို တော်လှန်ရေးတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၅ ဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

“ပထမတစ်ကြိမ်က ရွှေမန်းရုံနားက စစ်ဆေးရေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ဖို့ ကြိုးစားခဲ့တာပါ။ မိုင်းထောင်နေတုန်း ချို့ယွင်းချက်ဖြစ်ပြီး ပေါက်ကွဲသွားတဲ့အတွက် တာဝန်ခံရဲဘော်ဂျိုကာ ဖမ်းဆီးခံလိုက်ရပါတယ်။ ကျန်တဲ့ရဲဘော်တွေကတော့ လွတ်မြောက်ခဲ့ပေမဲ့ ဖမ်းမိသွားတဲ့ ရဲဘော်ဂျိုကာကိုတော့ စစ်ကောင်စီက နေရာမှာတင် သေနတ်နဲ့ ၃ ချက်ပစ်သတ်ခဲ့ပါတယ်။ ည ၈ နာရီလောက်မှာတော့ ကြံ့ခိုင်ရေးရုံးနားက ဂိတ်စခန်းကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၅ ဦး ထိခိုက်သေဆုံးမှု ရှိနိုင်ပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်ဂျိုကာရဲ့ ရုပ်အလောင်းကိုတော့ မေလ ၁ ရက်နေ့မှာ သဂြိုဟ်ခဲ့ပါတယ်” ဟု ကိုပြည်သူက ရှင်းပြသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ စလင်းမြို့ပြ (UG) ကျားပေါက်အဖွဲ့နှင့် ပြည်သူ့ညီနောင် – စလင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article