29.4 C
Yangon

သံတောင်ကြီးတွင် ရွာပေါင်း ၇ ခုမှ ထွက်ပြေးတိမ်းရှောင်နေရသော ထောင်နှင့်ချီသော ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ၊ ယင်းမာပင်တွင်လည်း စစ်တပ်က အင်တောရွာရှိ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာ ၇ ခုမှ ထောင်နှင့်ချီသော ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း ရေတာရှည်မြို့နယ် စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့မှ စတင်၍ ဧပြီလ ၂၇ ရက်နေ့အထိ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ အတွင်းရှိ ဘုံတောင်ရွာ၊ ဗဟန်းရွာ နှင့် သာစည်ရွာတို့ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ၃ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ဘုံတောင်ရွာ၊ ဗဟန်ရွာ နှင့် သာစည်ရွာအတွင်းရှိ နေအိမ် ၇၀ ကျော်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်ဘက် စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဘုံတောင်ရွာ၊ သာစည်ရွာ၊ မဏ္ဏုပ်တောင်ရွာ၊ သစ်အယ်တောင်ရွာ၊ ကြို့ချောင်းရွာ၊ မလောက်ချောင်းရွာနှင့် ဗဟန်းရွာတို့မှ ပြည်သူ ၁၇၀၀ ကျော်သည် ဘေးလွတ်ရာ တောတောင်များ အတွင်း ယနေ့အချိန်အထိ တိမ်းရှောင်နေကြရပြီး အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရှိသည်။

“စစ်ခွေးတွေက ဘုံတောင်ရွာ၊ ဗဟန်းရွာနှင့် သာစည်ရွာတွေကို ၃ ရက်ဆက်တိုက် ဂျက်ဖိုက်တာ ၃ စီနဲ့ ဗုံးကျဲတိုက်ခိုက်တာပါ။ ကျေးရွာ ၇ ရွာက ပြည်သူ ၁၇၀၀ ကျော်လောက် ဒီနေ့ထိပါပဲ ဘေးလွတ်ကထွက်ပြေးတိမ်းရှောင်နေကြရတယ်။ လက်ရှိမှာ ပြည်သူတွေက အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေတယ်။ ကျန်းမာရေး မကောင်းသော သက်ကြီးရွယ်အိုများလည်း ဆေးဝါးများလည်း လိုအပ်လျက်ရှိတယ်” ဟု ရေတာရှည်မြို့နယ် စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ၃ ရက်ဆက် လေကြောင်း တိုက်ခိုက်မှု အတွင်း ဗဟန်းရွာမှ ကလေးငယ်များ အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားလည်းရှိကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က အင်တောရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ် ၂၀ ကျော် မီးလောင်ပြာကျပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ယင်းမာပင်မြို့နယ်၊ ဆင်စွယ်ကျေးရွာမှ ထွက်ခွာလာသော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်တောကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် အင်တောကျေးရွာအတွင်း စီးနင်းရောက်ရှိနေစဉ် တောင်ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ အထက်ငါးနန်းကျေးရွာဝန်းကျင်သို့ ကျရောက်ခဲ့သော်လည်း ပြည်သူများနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း၊ ထို့ စစ်တပ် စစ်ကြောင်းသည် အင်တောကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် အထိုင်ချ တပ်စွဲထားသည့် ဆင်စွယ်ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

“မနေ့က စစ်ခွေးတွေ အင်တောရွာကို မီးရှို့တာက နေ့လည် ၁၂ နာရီကနေ ၂ နာရီ အထိ မီးလောင်နေတာလို့ သိရတယ်။ အိမ်ခြေ ခန့်မှန်းကတော့ ၂၀ နဲ့ ၃၀ ကြား မီးထဲပါသွားနိုင်တယ်လို့ ကြားတယ်။ အင်တောရွာမှာ စစ်ခွေးတွေကရှိနေတုန်း တောင်ဘက်ကိုလက်နက်ကြီးနဲ့ လှမ်းပစ်တာ အထက်ငါးနန်းရွာဘက် ဝန်းကျင်ကျရောက် ထိခိုက်မှုတော့မရှိပါ။ စစ်ခွေးတွေ အင်တောရွာကို မီးရှို့ပြီး ဆင်စွယ်ရွာထဲကိုပြန်ဝင်‌သွားကြတယ်။ အဲ့ဒီရွာမှာ အထိုင်ချတပ်ဆွဲထားတာကြောင့် အနီးအနားက ရွာတွေ စစ်ဘေးရှောင်နေကြရတယ်။ အဓိကရွာကြီးဖြစ်တဲ့ ယင်းမာပင်နယ်က ရင်ပေါင်တိုင်ရွာက ပြည်သူတွေဟာ ဆင်စွယ်ရွာနဲ့နီးနေတာကြောင့် တိမ်းရှောင်နေကြရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article