ရန်ကုန်၊ မေ ၃
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခြင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ်သို့ ဟန်ပြ လုပ်ဆောင် ပြောင်းရွှေ့လိုက်ခြင်းတို့သည် တော်လှန်ရေးတပ်ဖွဲ့များအကြား သွေးခွဲရန် ရည်ရွယ်သည့် စစ်ကောင်စီ၏ နိုင်ငံရေးကစားကွက်သာဖြစ်ကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမန်က သတိပေးပြောဆိုလိုက်သည်။
မေလ ၂ ရက်နေ့ ပြုလုပ်သည့် “Operation CB ချင်းညီနောင်” အထူးရန်ပုံငွေရှာဖွေပွဲတွင် ဆလိုင်းယောမန်က ယင်းကဲ့သို့ သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ လုပ်ရပ်များသည် တော်လှန်ရေးအင်အားစုများကို ဖြိုခွဲရန်နှင့် နိုင်ငံတကာတွင် မျက်နှာပန်းလှရန် ကြိုးပမ်းသည့် “နိုင်ငံရေးစတန့်” တစ်ခုသာဖြစ်ကြောင်း ထောက်ပြခဲ့သည်။
စစ်ကောင်စီက သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးခြင်းအားဖြင့် ၎င်းတို့ကိုယ်ကိုယ် သဘောထားကြီးသည့် လူကြီးလူကောင်းများအဖြစ် ပုံဖော်လိုနေကြောင်း၊ တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အခြားတော်လှန်ရေးအဖွဲ့များအတွင်း “နိုင်ငံရေးနည်းလမ်းဖြင့် ပြန်သွားရမလား” သို့မဟုတ် “လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်ရမလား” ဆိုသည့် မေးခွန်းများပေါ်ပေါက်လာစေရန် သွေးတိုးစမ်းနေခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
စစ်ကောင်စီက ငြိမ်းချမ်းရေးကို ဖိတ်ခေါ်နေသယောင် ပြုလုပ်ခြင်းဖြင့် လက်နက်ကိုင်တော်လှန်ရေး ဆက် လက်ဆင်နွှဲသူများကို ငြိမ်းချမ်းရေးမလိုလားဘဲ ပြည်သူလူထု၏ အိုးအိမ်များ ပျက်စီးအောင် လုပ်ဆောင်နေသူများအဖြစ် ပုံသွင်းလိုသည့် ရည်ရွယ်ချက်ရှိနေကြောင်းလည်း ၎င်းက ဆက်လက်ရှင်းပြသည်။
စစ်ကောင်စီအနေဖြင့် သမ္မတဦးဝင်းမြင့်၏ ပြောဆိုချက်များကို အနီးကပ်စောင့်ကြည့်နေမည်ဖြစ်ပြီး၊ ၎င်း၏ နှုတ်ထွက်စကားတစ်လုံးသည် တော်လှန်ရေးကို အားဖြစ်စေခြင်း သို့မဟုတ် စုစည်းညီညွတ်စေခြင်းမျိုး ရှိလာပါက အချိန်မရွေး ပြန်လည်ဖမ်းဆီးနိုင်ကြောင်း ဆလိုင်းယောမန်က သတိပေးထားသည်။
“သူတို့(သမ္မတဦးဝင်းမြင့်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့စကားတစ်ခုက တော်လှန်ရေးကို ကျစ်လစ်သွားစေမယ်၊ ပြတ်သားသွားစေမယ့်ဟာမျိုးဆိုရင် ချက်ချင်းပြန်ဖမ်းပြီး ထည့်လိုက်မှာပဲ။ ဒါက သူတို့(စစ်တပ်)ရဲ့နိုင်ငံရေးအကွက်တွေပဲ” ဟု ဆလိုင်းယောမန်က ဆိုသည်။
စစ်ကောင်စီက လက်ရှိ အကျပ်အတည်းနှင့် အခြေအနေများကို လိုက်လျောပေးသယောင် လုပ်ဆောင်ခြင်းဖြင့် တော်လှန်ရေးအဖွဲ့များအတွင်း မည်ကဲ့သို့သော အက်ကြောင်းများ ပေါ်လာနိုင်မလဲဆိုသည်ကို စမ်းသပ်နေကြောင်း ၎င်းက ပြောဆိုသည်။
အဆိုပါလုပ်ရပ်များကြောင့် စစ်ကောင်စီအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် အနည်းငယ် ပိုမိုဝင်ဆန့်သွားနိုင်သော်လည်း၊ အဓိကရည်ရွယ်ချက်မှာ တော်လှန်ရေးအင်အားစုများ စည်းလုံးမှုပျက်ပြားစေရန်သာ ဖြစ်ကြောင်း CPU/CPA အထွေထွေ အတွင်းရေးမှူး ဆလိုင်းယောမန်က သတိပေး ရှင်းပြထားသည်။




