ရန်ကုန်၊ မေ ၅
ပဲခူးတိုင်း၊ ပဲခူးမြို့ ကလိစစ်ဆေးရေးဂိတ်တွင် ရဲအုပ်စိုးမင်းဦးက ကုန်ကား ၁ စီးလျှင် ငွေကျပ် ၅ သိန်း တောင်းခံပြီး မပေးဆောင်သူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကြောင်း ခရီးသွားပြည်သူများနှင့် ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ရဲအုပ်စိုးမင်းဦးသည် ကလိစစ်ဆေးရေးဂိတ်တွင် တစ်လခြား တစ်ခါ တာဝန်ကျပြီး ၎င်းတာဝန်ယူသည့် အချိန်မှ စတင်၍ ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော ကုန်ကားများနှင့် သစ်ကားများကို ပစ်မှတ်ထားကာ အတင်းအဓမ္မ ငွေကြေး ကောက်ခံမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ကုန်ကား ၁ စီးနှင့် သစ်ကား ၁ စီးလျှင် စိုးမင်းဦးက ငွေကျပ် ၅ သိန်း တောင်းခံပြီး မပေးသူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သောကြောင့် ကုန်သည်များက နေ့စဉ် ပေးဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဂိတ်ဖြတ်သန်းခ အနေဖြင့်လည်း ကုန်တင်ကား ၁ စီး လျှင် ငွေကျပ် ၇ သောင်း အထိ ထပ်မံ ပေးဆောင်ရကြောင်း၊ စိုးမင်းဦးသည် ကုန်သည်များနှင့်လည်း တရားမဝင် ကုန်ပစ္စည်း တင်ဆောင်ရေးနှင့် ပတ်သက်၍ ငွေကြေးအများအပြား လာဘ်ယူမှုများလည်းရှိကြောင်း သိရှိရသည်။
“သူက တရားဝင်လမ်းကြောင်းကကော တရားဝင်မဟုတ်တဲ့ လမ်းကြောင်းကကော လာဘ်ယူတာ တော်တော်များများတယ်။ ကုန်ကား ၁ စီးကို ၅ သိန်းဆိုတာက ပေါ်တင်တောင်းတာ မပေးရင် ရဲစခန်းကို ဖမ်းခေါ်မယ်ဆိုခြိမ်းခြောက်တယ်။ အကုန်လုံးက ကြောက်ကြတော့ ပေးရတာပဲ နောက်ပြီး သူနဲ့ တရားမဝင် ကုန်ပစ္စည်းတွေ တင်ဆောင်တဲ့ လမ်းကြောင်းလည်းရှိသေးတယ်။ အဲကရတဲ့ ငွေကြေးလည်း တော်တော်ရတယ်။ အခုအဲကောင်က ကြီးပွားချမ်းသာနေပြီ အထက်ပိုင်းကိုလည်း ဘယ်လောက်ဖိထားလဲ မသိဘူး။ ဘာလိုတိုင်တိုင် အရေးကိုမယူဘူး” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။
ရဲအုပ် စိုးမင်းဦးသည် ၎င်း မူးယစ်သောက်စားလာချိန်တွင်လည်း အောက်ခြေ ရဲတပ်သားများကို အကြောင်းမဲ့ ရိုက်နှက်မှုများ ကျူးလွန်သော်လည်း အပြစ်ပေး အယူခံရခြင်းမရှိကြောင်း၊ ရိုက်နှက်ခံရ၍ တိုင်းကြာသော အောက်ခြေရဲတပ်သားများသာ စိုးမင်းဦး က အငြိုးထား၍ ရိုက်နှက်ခြင်းများ ထပ်မံပြုလုပ်ကြောင်း သိရသည်။




