30 C
Yangon

တရုတ်နှင့် အကြမ်းဖက်စစ်တပ်တို့က ဧရာ၀တီ မြစ်ဆုံစီမံကိန်း အတင်းအဓမ္မ ပြန်စတင်ရန် ကြိုးပမ်းမှုကို ကချင်အရပ်ဘက်အဖွဲ့အစည်း ၄၉ ဖွဲ့ ကန့်ကွက်ရှုတ်ချ

Must read

ရန်ကုန်၊ မေ ၆

တရုတ်အစိုးရနှင့် စစ်ကောင်စီတို့ သဘောတူထားသော “ဖွံ့ဖြိုးရေးအမည်ခံ” မြစ်ဆုံရေကာတာ စီမံကိန်း ပြန် လည် တည် ဆောက်ရန် ကြိုးပမ်းနေမှုအပေါ် ကချင်ပြည်နယ်ဒေသခံများနှင့် ကချင်အရပ်ဘက်အဖွဲ့အစည်း ၄၉ ဖွဲ့က ယမန်နေ့ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

စစ်တပ်၏ အမိန့်ကြေညာစာ ၂၁၄/၂၀၂၅ (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်စွဲပါ) အရ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် ပြင် ဆင်နေပြီး၊ အထောက်အထားခိုင်လုံမှုမရှိဘဲ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သူများကို တည်ဆဲဥပဒေဖြင့် အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ယင်းသည် လွတ်လပ်စွာ ပြောဆိုခွင့်ကို ခြိမ်းခြောက်ခြင်းဖြစ်ပြီး အတုအယောင် လူထုသဘောဆန္ဒခံယူပွဲများ ပြု လုပ်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ဒေသခံများက ထောက်ပြကြသည်။

ကချင်အရပ်ဘက်အဖွဲ့အစည်း ၄၉ ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မဆိုင်းမိုင် က “မြစ်ဆုံရေကာတာ စီမံကိန်း အတင်း အဓမ္မ အကောင် အထည်ဖော်ဖို့ ဆောင်ရွက်နေတာကို ကချင်ပြည်နယ် ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၄၉ ဖွဲ့အနေနဲ့ လုံးဝမလုပ်ဖို့၊ ဖျက် သိမ်းဖို့ ထပ်မံထုတ်ပြန်လိုက်တာပါ။ လက်ရှိမှာ ပြည်သူတွေက စစ်ပွဲဒဏ်ကြောင့် အရမ်းဒုက္ခရောက်နေတယ်၊ မြစ်ကြီးနားမှာတင် စစ်ဘေးရှောင် သိန်းချီရှိနေပြီး နေ့စဉ်ရှင်သန်ဖို့တောင် မနည်းရုန်းကန်နေရတာပါ။”ဟု ပြောဆိုသည်။

ဆက်လက်၍ “ဒီလိုအချိန်မှာ သူတို့က လူထုစည်းရုံးရေးတွေ မတက်မနေရ လုပ်နေသလို၊ တဖက်မှာလည်း အကျိုးအကြောင်း မခိုင်လုံဘဲ ဆန့်ကျင်ရင် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်။ ခြိမ်းခြောက်ပြီး စည်းရုံးနေတာဟာ သဘောထားအမှန်ကို ရယူတာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းဖို့ တိုက်တွန်းပါတယ်” ဟု သူမက ဆက်ပြောသည်။

ဧရာ၀တီ မြစ်ဆုံ စီမံကိန်းတွင် ဆိုးကျိုးများနှင့် နောက်ဆက်တွဲပြဿနာများစွာရှိနေပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှု များပြားကြောင်း၊ အမြင့် ၁၃၉ ဒသမ ၅ မီတာနှင့် အကျယ် ၁,၃၁၀ မီတာရှိသော မြစ်ဆုံစီမံကိန်းသည် စင်္ကာပူနိုင်ငံ အကျယ်အဝန်းကို ရေလွှမ်းစေမည်ဖြစ်ပြီး ရေအရင်းမြစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ ဂေဟစနစ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း “Independent Expert Review of the Myitsone Dam EIA” က ၂၀၁၃ ခုနှစ်ကတည်းက ထုတ်ပြန်ထားသည်။

ယခင်ကပင် လူဦးရေ ၁၂,၀၀၀ ခန့် အတင်းအဓမ္မ ရွှေ့ပြောင်းခံရခြင်း၊ ဘိုးစဉ်ဘောင်ဆက် မြေယာများ ဆုံးရှုံးခြင်းနှင့် ရိုးရာယဉ် ကျေးမှု အမွေအနှစ်များ ပျက်စီးခြင်းတို့ကို ကြုံတွေ့ခဲ့ရပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနှံ့ စစ်မက်ဖြစ်ပွားနေသည့် ကာလအတွင်း ယခုကဲ့သို့ အကြီးစားစီမံကိန်းကို အတင်းအဓမ္မ ဖော်ဆောင်ပါက လက်ရှိပဋိပက္ခများကို ပိုမိုပြင်းထန်လာစေမည် ဖြစ်ကြောင်း ထောက်ပြထားသည်။

ထို့ကြောင့် ကချင်အရပ်ဘက်အဖွဲ့အစည်း ၄၉ ဖွဲ့က တရုတ်အစိုးရပိုင်ကုမ္ပဏီ (SPIC-YN) အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို မျက်ကွယ်မပြုဘဲ စီမံကိန်း ပြန်လည်စတင်ရန် လှုံဆော်မှုများကို ချက်ချင်းရပ်တန့်ရန်၊ ကန့် ကွက်သူများအပေါ် ခြိမ်းခြောက်နေမှုနှင့် အတုအယောင် လူထုဆန္ဒခံယူပွဲများကို ရပ်တန့်ရန်၊ မြန်မာနိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မြစ် ဆုံစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းရန်၊ မည်သည့်အစိုးရလက် ထက်တွင်မဆို ပြည်သူလူထု၏ စစ်မှန်သော သဘောဆန္ဒမပါဘဲ ဖွံ့ဖြိုးရေးအမည်ခံ ရင်းနှီးမြှုပ်နှံမှုများကို အတင်းအဓမ္မ မလုပ်ဆောင်ရန် တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article