ရန်ကုန်၊ မေ ၆
ဖိလစ်ပိုင်နိုင်ငံတွင် မေလ ၇ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ ကျင်းပသည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ မင်းအောင်လှိုင်ကို တက်ခွင့်မပြုဘဲ နိုင်ငံရေးကိုယ်စားပြုမဟုတ်သည့် ကိုယ် စားလှယ်သာ တက်ခွင့်ပြုမည်ဟု အာဆီယံဥက္ကဋ္ဌက ယနေ့ မေလ ၆ ရက်နေ့တွင် တရားဝင် အတည်ပြုလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးပြည်နယ်၊ လာပူးလာပူးမြို့တွင် ကျင်းပမည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးသို့ အဖွဲ့ဝင် ၁၁ နိုင်ငံစလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သော်လည်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုမူ တက်ရောက်ခွင့်ပြုမည်မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားပြုမှုမရှိသည့် ပုဂ္ဂိုလ်ကိုသာ စေလွှတ်ခွင့်ပြုမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ Dax Imperial က အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအကြီးအကဲ ၁၀ ဦး တက်ရောက်ရန် အတည်ပြုထားပြီးဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားသည်။
သို့သော် မြန်မာနိုင်ငံအတွက်မူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဘဲ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ကိုသာ ကိုယ်စားလှယ်အဖြစ် တက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။
“ဒါဟာ အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေ အနေတွေကြောင့် အဆင့်မြင့်အရာရှိကြီး (အမြဲတမ်းအတွင်းဝန်) လိုမျိုး နိုင်ငံရေးအရ ကိုယ်စားပြုမှုမရှိတဲ့သူကိုသာ တက်ရောက်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ယခုနှစ် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူကျင်းပခြင်းဖြစ်ပြီး လက်ရှိ ၂၀၂၆ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်ကာ ကုန်စည်စီးဆင်းမှုများ ပြတ်တောက်နေချိန်တွင် ကျင်းပခြင်းဖြစ်သည်။
ထို့ကြောင့် ယခုအစည်းအဝေးတွင် ဒေသတွင်းစီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပြင် မြန်မာ့အရေးကိုလည်း အာဆီယံခေါင်းဆောင်များက အဓိကထား ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။




