ရန်ကုန်၊ မေ ၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် ယနေ့ ညပိုင်း တိုက်ပွဲ ထပ်မံဖြစ်ပွားနေပြီး KIA ပူးပေါင်းတပ်က နယ်မြေရှင်းလင်းတရေးပြုလုပ်စဉ် စစ်သား အလောင်း ၃ လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၆ ရက်နေ့ ည ၇ နာရီကျော်ခန့်မှ စတင်ပြီး လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာရွာတွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲထပ်မံ ဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆက်လက် ကြားနေရကြောင်း သိရသည်။
ထို့ပြင် ယနေ့ မွန်းလွဲပိုင်းတွင်လည်း လုံးခင်းကျေးရွာအုပ်စုအတွင်း KIA ပူးပေါင်းတပ်က နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် အကြမ်းဖက် စစ်သား အလောင်း ၃ လောင်းကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲက အခုညပိုင်း ၇ နာရီကျော်လောက်က စပြီး ဖြစ်နေပြန်ပြီး အောင်ရာရွာဘက်မှာ ဖြစ်နေတာ တစ်မနက်လုံး စစ်ဆိုင်နေတဲ့ အနေအထားကနေ အခုထပ်ဖြစ်နေတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားနေရတယ်။ မွန်းလွဲပိုင်းကလည်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်တာ စစ်ခွေး အလောင်း ၃ လောင်းကို ထပ်မံ တွေ့ရှိခဲ့တယ်လို့ သိရတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ မေလ ၅ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၅ ဦး သေဆုံးကာ ရုပ်အလောင်းတချို့နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ နေရာကို အကြမ်းဖက် စစ်တပ် ဗျူဟာကုန်းက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ နေအိမ်များကို ကျည်ထိမှန်ပြီး မီးလောင်မှုများလည်း ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။





