ရန်ကုန်၊ မေ ၇
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) အနီးသို့ အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရောက်ရှိပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီလမှစတင်၍ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ကပစ ၁၆ ၏ ကာကင်းစခန်းဖြစ်သော ပွိုင့် ၆၆၆ စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီးနောက်၊ လက်ရှိတွင် ပွိုင့် ၅၀၆ စခန်းကုန်းကို ဆက်လက်ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။
ယခုနှစ် မတ်လအတွင်းကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စက်ရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လည်ပတ်မှု ယာယီရပ်ဆိုင်းသွားခဲ့ကြောင်း၊ လက်ရှိတွင်လည်း နေ့စဉ်လိုလို တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရှိရသည်။
AA က စစ်တပ်၏ လက်နက်စက်ရုံများကို ခြိမ်းခြောက်လာနိုင်ခြင်းကြောင့် အကယ်၍ လက်နက်စက်ရုံများကို သိမ်းပိုက်နိုင်ပါက စစ်တပ်တွင် လက်နက်ခဲယမ်းရရှိမှု လျှော့ကျသွားနိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုသည်။
“ကပစအနီးထိတော့ အာရက္ခနဲ့ တော်လှန်ရေးတပ်တွေက လက်နက်ကြီး လက်တစ်ကမ်းအလိုတော့ ရောက်ရှိလာပြီလို့ သိရတယ်။ စစ်တပ်ကလည်း ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ကစပြီးတော့ အင်အားဖြည့်တင်းမှုတွေ လုပ်ထားတယ်။ အဓိကတော့ ကပစ ၁၆ တို့ ကပစ ၆ တို့ ကျသွားမှာစိုးတဲ့ အနေအထားမျိုးပေါ့။ စစ်တပ်ရဲ့ ခြေလျင်တပ်သုံး ခဲယမ်းတွေ အပါအဝင် အမြောက်တပ်သုံး၊ ဒရုန်းတပ်ဖွဲ့၊ ပြီးရင် လေကြောင်းကနေ တိုက်ခိုက်တဲ့ ဗုံးသီးမှန်သမျှ ကပစ ၁၆ က ယမ်းနဲ့ပဲ အဓိကလုပ်တာ။ ၁၆ က ယမ်းကို ၅ မှာ ပြန်ပြီးတော့ သန့်စင်တယ်။ အဲဒီတော့ ယမ်းမရှိရင်တော့ ကျည်ဆံ၊ ခဲယမ်းက ဘယ်လိုမှ လုပ်လို့မရတော့တဲ့ အနေအထားမျိုးပေါ့။ ကပစ ၁၆ ကိုသာ အာရက္ခတပ်တော်က သိမ်းပိုက်မိမယ်ဆိုရင် စစ်တပ်အတွက် ခဲယမ်းထုတ်လုပ်မှု ၉၀ ရာခိုင်နှုန်းလောက်အထိ ရပ်ဆိုင်းသွားရမယ့် အနေအထားမျိုးထိ ဖြစ်သွားနိုင်တယ်လို့ သေချာပေါက် ပြောရဲပါတယ်။” ဟု CDM ဗိုလ်ကြီးဇင်ယော်က ရှင်းပြသည်။
စစ်တပ်က ကပစ ၁၆ မကျစေရေးအတွက် မေလ ၅ ရက်နေ့ကတည်းက အင်အားများ ထပ်မံဖြည့်တင်းထားပြီး ပွိုင့် ၅၀၆၊ ပွိုင့် ၅၃၅ နှင့် ပွိုင့် ၂၆၈ အစရှိသည့် ကာကင်းစခန်း ၃ ခုဖြင့် အပြင်းအထန်ခုခံနေကြောင်း သိရှိရသည်
စစ်တပ်၏ ကပစစက်ရုံများအနီးသို့ နီးကပ်လာသော စစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော် (BPLA)၊ မြေလတ်စစ်ဒေသ အမှတ် ၂၀၃ ဗျူဟာတို့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။
ထို့အပြင် ဥသျှစ်ပင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအနီးရှိ ကပစ ၆ စက်ရုံကိုလည်း တော်လှန်ရေးတပ်များက ဆက်လက်ထိုးစစ်ဆင်လျက် ရှိကြောင်း သိရှိရပါသည်။




