31.3 C
Yangon

ပေါက်နှင့် ကနီမြို့နယ်တို့တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးနေသောကြောင့် ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ဆက်လက်တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေ

Must read

ရန်ကုန်၊ မေ ၈

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၈ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၁ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ အင်အား ၅၀၀ ခန့်ပါသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာ ၈ ခုမှ ထောင်နှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ထိုစစ်ကြောင်းသည် ချက်ကန်ကျေးရွာမှ MPT ဆက်သွယ်ရေးတာဝါတိုင်ကိုလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယင်း စစ်တပ် စစ်ကြောင်းကြောင့် ပေါက်မြို့နယ်ရှိ သပြေရေရွာ၊ ချက်ကန်ရွာ၊ ရန်ကင်းရွာ၊မှတ်ထောင်ကွင်း၊ ဝက်လယ်ရိုး အထက်စု ၊ ဝက်လယ်ရိုးအလယ်စု ၊ တယ်ပင်ကန်ကျေးရွာနှင့် ပေခုနှစ်ပင်ကျေးရွာမှ ထောင်နှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့ပေါ်ရှိ ကပစ ၂၄ တပ်ရင်းကို ဝင်ရောက်သွားကြောင်းသိရှိရသည်။

“စစ်ခွေး စစ်ကြောင်းကတော့ ပေါက်မြို့ပေါ်ရှိ ကပစ ၂၄တပ်ရင်းထဲကိုရောက်သွားပြီ၊ စစ်ခွေး စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်ရှောင်ရတယ်။ စစ်ခွေး စစ်ကြောင်းကတော့ ထွက်လာတာ တော်တော်များတယ်။ မိတ္ထီလာကပါတယ်။ မန္တလေး ၊ ပြင်ဦးလွင်ဘက်ကပါတယ်။ စစ်ခွေး စစ်ကြောင်း ထွက်လာတာက မေလ ၁ ရက်နေ့ စပြီး ထွက်လာတာပါ။ မေလ ၈ ရက်နေ့မှာတော့ ပေါက်မြို့ပေါ်ရှိ ကပစ ၂၄ တပ်ရင်းထဲကို ပြန်ဝင်သွားတာပါ” ဟု ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ယာ​ကြီး-ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးနေခြင်းကြောင့် ပြည်သူများဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ချောင်းမ-ကနီ လမ်းပိုင်းနှင့် မုံရွာ-ယာ​ကြီး-ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာပေါင်း ၂၆ ခုမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းများထဲမှ ချောင်းမ-ကနီလမ်းပိုင်းတွင် ရောက်ရှိနေသော စစ်ကြောင်းသည် မေလ ၆ ရက်နေ့တွင် ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာရှိ ပျူစောထီးစခန်းကို ပြန်လည်ဝင်ရောက်သွားသော်လည်း မုံရွာ-ယာ​ကြီး-ကလေးဝ လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကနီမြို့နယ် ယာကြီးကျေးရွာအုပ်စုအတွင်း ဆက်လက် စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးစစ်ကြောင်းက ကျန်နေသေးတော့ ပြည်သူတွေ တိမ်းရှောင်နေရတုန်းပဲ အခုက တိမ်းရှောင်ရတဲ့ ရက်လည်း ကြာလာတော့ ပြည်သူတွေ စားနပ်ရိက္ခာလိုအပ်နေပါတယ်။ စစ်ခွေးတွေက မုံရွာ-ယာ​ကြီး-ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်ပြီး ကုန်စည်စီးဆင်းမှုတွေကို ဖြတ်တောက်ချင်နေတာ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် စစ်ကြောင်း ညအချိန်ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article