29.6 C
Yangon

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လူအစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာနေရဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် တင်ပြ

Must read

ရန်ကုန်၊ မေ ၉

မြန်မာနိုင်ငံတွင် စစ်တပ်၏ ညှာတာမှုကင်းမဲ့သော စစ်မက်များ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကြောင့် ပြည်သူများ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင် တင်ပြပြောဆိုလိုက်သည်။

မေလ ၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ခြင်း ပြန်လည်သုံးသပ်မှုဖိုရမ် (International Migration Review Forum) တွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သံအမတ်ကြီးက မြန်မာနိုင်ငံတွင် ယခင်က ရွှေ့ပြောင်းနေထိုင်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် အင်အားတစ်ရပ် ဖြစ်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် မတရားစစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အခြေအနေမှာ ဆိုးဆိုးရွားရွား ပြောင်းလဲသွားခဲ့ကြောင်း ထောက်ပြသည်။ ယခုအခါ မြန်မာပြည်သူများအတွက် ရွှေ့ပြောင်းနေထိုင်မှုသည် စီးပွားရေးအခွင့်အလမ်းထက် ရှင်သန်ရပ်တည်ရေး တိုက်ပွဲတစ်ခု (a fight for survival) ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူအစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရမှုများ၏ အဓိကဇစ်မြစ်မှာ စစ်တပ်ပင်ဖြစ်ကြောင်း၊ စစ်တပ်၏ ညှာတာမှုကင်းမဲ့သော စစ်မက်များ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အဓမ္မတပ်သားစုဆောင်းမှုများကြောင့် ပြည်သူများ ထွက်ပြေးနေရကြောင်း သူက ရှင်းပြသည်။

ယနေ့အချိန်အထိ နေရပ်စွန့်ခွာသူ ၃ ဒသမ ၆ သန်းကျော် ရှိနေပြီး ၁ ဒသမ ၃ သန်းကျော်မှာ နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

စစ်တပ်၏ ရက်စက်မှုများကို ရှောင်တိမ်းရန် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် လူငယ်များစွာ မွေးရပ်မြေကို စွန့်ခွာနေရသည်။ ၎င်းတို့ထဲတွင် သံအမတ်ကြီးကိုယ်တိုင်၏ အသက် ၈၀ ကျော်အရွယ် မိဘများ၊ မောင်နှမသားချင်းများနှင့် မိသားစုဝင်များလည်း ပါဝင်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်သည် ဖိနှိပ်မှုများကြောင့် ထွက်ပြေးသည့် ရိုဟင်ဂျာဒုက္ခသည်များ ပင်လယ်ပြင်၌ အသက်ဆုံးရှုံးမှု မှတ်တမ်းတင် မြင့်တက်ခဲ့သည့် နှစ်တစ်နှစ် ဖြစ်ခဲ့သည်ဟု သံအမတ်ကြီးက ဆိုသည်။

မြန်မာနိုင်ငံသည် စစ်တပ်၏ လုပ်ရပ်များကြောင့် လူကုန်ကူးမှုများ၏ ဦးတည်ရာဖြစ်လာသလို၊ အွန်လိုင်းလိမ်လည်မှုများနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပျော်စံရာဒေသ ဖြစ်လာကြောင်း သံအမတ်ကြီးက သတိပေးသည်။

ကမ္ဘာတစ်လွှားရှိ လူငယ်များမှာ အဆိုပါ အွန်လိုင်းလိမ်လည်မှုများ၏ သားကောင်ဖြစ်နေရပြီး အချို့မှာ အသက်ပင် ဆုံးရှုံးနေရသဖြင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဤပြဿနာကို ဟန်ချက်ညီညီ ဖြေရှင်းပေးရန် ၎င်းက တိုက်တွန်းသည်။

နေရပ်စွန့်ခွာသွားသူများအနေဖြင့် မိခင်နိုင်ငံသို့ ဘေးကင်းလုံခြုံစွာနှင့် သိက္ခာရှိစွာ ပြန်လည်သွားရောက်လိုကြကြောင်း၊ ယင်းသို့ပြန်နိုင်ရန်မှာ ပြဿနာ၏ ဇစ်မြစ်ဖြစ်သည့် စစ်အာဏာရှင်စနစ်နှင့် စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့အား အပြီးသတ်ချုပ်ငြိမ်းရန် လိုအပ်ကြောင်း ၎င်းက အလေးပေး ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်မှသာလျှင် မြန်မာပြည်သူများ ဘေးကင်းစွာ နေရပ်ပြန်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပါဝင်အားဖြည့်နိုင်မည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို ဖွဲ့စည်းကာ အဆိုပါပန်းတိုင်အတွက် ကြိုးပမ်းနေသဖြင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article