29.6 C
Yangon

ပခုက္ကူရှိ ညောင်ပင်ရွာကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံး၊ ယင်းမာပင်တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ စစ်ရေးတင်းမာနေပြီး လမ်းပိုင်းများ ယာယီ ပိတ်ထား

Must read

ရန်ကုန်၊ မေ ၉

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု အသက် ၈နှစ်အရွယ် ကလေးငယ် ၁ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Ayar Daungအဖွဲ့ မှ သတင်းနဲ့ပြန်ကြားရေးကိုရှိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၈ ရက်နေ့တွင် ပခုက္ကူမြို့နယ်ရှိ အောင်သာပျူစောထီးရွာမှ အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ညောင်ပင်ကျေးရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အသက် ၄၀နှစ် ဝန်းကျင် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လက်နက်ကြီး၊ ဒရုန်း တွေနဲ့ ညောင်ပင်ရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့တာ ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု Ayar Daungအဖွဲ့ မှ သတင်းနဲ့ပြန်ကြားရေးကိုရှိန်းက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းများ ဝင်ရောက်လာသောကြောင့် စစ်ရေးတင်းမာနေ၍ လမ်းပိုင်းများကို တော်လှန်တပ်ဖွဲ့များက ယာယီသွားလာခွင့် ပိတ်ထားကြောင်း ဒေသပြည်သူများပြောဆိုချက်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာတွင် တပ်စွဲထားသည့် အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်ကြောင်းသည် မောင်းတုံရွာ၊ ပုပ္ပါရွာ၊ တမာပင်ဂွရွာနှင့် လည်ငေါက်ရွာတို့ကို ဝင်ရောက်ရှိခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ရင်ပေါင်တိုင်ကျေးရွာတွင် အထိုင်ချတပ်စွဲခဲ့စဉ်က ပြည်သူနေအိမ်များကို ဝင်မွေနှောက်ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများကိုယူဆောင်သွာကြခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပုလဲမြို့နယ်အတွင်းရှိ ဇီးဖြူကုန်းပျူရွာနှင့် အင်မထီပျူရွာတို့မှ ထွက်လာသော စစ်ကား ၁၃ စီးပါ စစ်ကြောင်းသည်လည်း မင်းတိုင်ပင်ရွာမှ ပုလဲမြို့ကိုဖြတ်ကာ လည်ငေါက်ရွာတွင် ရင်ပေါင်တိုင်ရွာလာသော စစ်ကြောင်းနှင့် ပူးပေါင်းစည်းကာ ယင်းမာပင်မြို့အတွင်းကို ဝင်ရောက်သွားကြောင်း သိရှိရသည်။

“ယင်းမာပင်နယ် က ရင်ပေါင်တိုင်ရွာမှာ အင်အား ၃၀၀ ခန့်မှန်း စစ်ကြောင်းက ဒီနေ့မနက် မောင်းတုံရွာ ပုပ္ပါရွာကနေတဆင့် တမာပင်ခွရွာ ကိုဖြတ်ပြီး လည်ငေါက်ရွာ ကနေ စစ်ကြောင်း နှစ်ကြိမ်ခွဲထွက်ကာ ယာဉ်နှင့်ခိုးယူသွားသော ဆိုင်ကယ်တွေနှင့်အတူ ယင်းမာပင်မြို့ထဲကို ရောင်ရှိသွားပါပြီ။ တချိန်တည်းမှာ အရင်ရက်က ပုလဲနယ်ထဲက ဇီးဖြုကုန်းပျုရွာနဲ့ အင်မထီစပျုရွာထဲက ယာဉ်၁၃စီးပါ စစ်ကြောင်းကလည်း မင်းတိုင်ပင်ရွာကနေ ပုလဲမြို့ကိုဖြတ်ပြီး လည်ငေါက်ရွာမှာ ရင်ပေါင်တိုင်ရွာလာတဲ့ စစ်ကြောင်းနှင့်ပေါင်းစည်းကာ ယင်းမာပင်မြို့ထဲသို့ ဝင်ရောက်သွားပါပြီ။စစ်ခွေးတွေက ရင်ပေါင်တိုင်ရွာထဲမှာ တပ်ထိုင်သွားတဲ့ရက်တွေအတွင်း အိမ်တွေကို မွေနှောက်ဖျက်ဆီးပြီး တန်ဖိုးကြီးတာမှန်သမျှ အကုန်ယူသွားကြတယ်။ ရွာက အဓိကလုပ်ကိုင်တဲ့ ဝက်မွေးမြူရေးလုပ်ငန်းတွေလည်း အတော်လေးထိခိုက်ကုန်တယ်။ စစ်ခွေးတွေရှိနေတော့ အစာကျွေးမယ့်သူမရှိဘဲ ဝက်တွေအတော်များများ အစာရေဆာပြတ်ပြီး သေဆုံးကုန်ကြတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ပြန်လည်ထွက်ခွာသွားပြီဖြစ်၍ ရင်ပေါင်တိုင်ရွာအနီးဝန်းကျင်ရှိ နုန်းတန်းရွာ၊ ပြအိုရွာ၊ ညောင်တန်းရွာနှင့် ပုလဲမြို့နယ်အစပ်ရှိ ပုထိုးသာရွာ၊ ရွာသစ်ရွာတို့မှ စစ်ဘေးရှောင်ပြည်သူများက ယနေ့ညနေပိုင်းတွင် နေအိမ်များသို့ ပြန်လည်ဝင်ရောက် နေထိုင်နေကြပြင်ဆင်နေကြကြောင်း သိရှိရသည်။

ယင်းမာပင်ခရိုင်အတွင်း လတ်တလောဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများကြောင့် မိဘပြည်သူများအနေဖြင့် မုံရွာ – ယာကြီး – ကလေးဝလမ်း ၊ ညောင်ပင်ကြီး – ယင်းမာပင်လမ်း နှင့် ဖိုလ်ဝင်တောင် – ယင်းမာပင်လမ်း တို့ကို လုံးဝ (လုံးဝ) အသုံးမပြုကြရန်နှင့် အကြမ်းဖက် စစ်တပ်နှင့် အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်ပြီး ထိတွေ့တိုက်ပွဲအတွင်း ရောက်ရှိသွားပါက ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တစ်စုံတစ်ရာ တာဝန်ယူပေးနိုင်မည် မဟုတ်ကြောင်း ယင်းမာပင်ခရိုင် ပကဖ က ထုတ်ပြန်ထားသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article