27 C
Yangon

ပုဇွန်တောင်မြို့နယ် အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမိုက်အဖွဲ့က လူငယ်များကို မူးယစ်ဆေးဖြင့် အမှုဆင်ကာ ပေါ်တာဆွဲဖမ်းဆီးနေ၊ ရွှေဘိုတွင်လည်း လူငယ် ၁၀၀ ဝန်းကျင် ပေါ်တာဆွဲ ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ မေ ၉

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးအောင်နိုင်နှင့် ၎င်း၏ လက်ဝေခံလူမိုက်များက ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ရပ်ကွက်အတွင်းရှိ လူငယ်များကို မူးယစ်ဆေးဝါးဖြင့် အမှုဆင်ဖမ်းဆီးပြီး ပေါ်တာဆွဲခြင်းနှင့် ငွေညစ်ခြင်းများ ဆက်တိုက်ကျူးလွန်နေကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အုပ်ချုပ်ရေးမှူးအောင်နိုင်က ၎င်းမွေးမြူထားသည့် လူမိုက်များဖြစ်သော သန်းကျော်နှင့် ဝိဇ္ဇာ (လူကုန်ကူးမှုဖြင့် ဝရမ်းပြေးဖြစ်နေသူ) တို့ကို အသုံးချကာ ရပ်ကွက်အတွင်းရှိ လူငယ်များကို ပစ်မှတ်ထား စောင့်ကြည့် အမှုဆင် ဖမ်းဆီးနေခြင်းဖြစ်သည်။ ၎င်းတို့အဖွဲ့သည် ရဲစခန်းမှူး ဒုရဲမှူး လင်းအောင်၊ နယ်ထိန်း ဒုရဲအုပ် ညီမင်းနိုင်တို့နှင့် ပူးပေါင်းကာ လူငယ်များထံတွင် မူးယစ်ဆေးဝါး သို့မဟုတ် ဆေးခြောက်မိသည်ဟု ထောင်ချောက်ဆင်ဖမ်းဆီးကာ အဓမ္မပေါ်တာဆွဲခြင်း သို့မဟုတ် ငွေကြေးအမြောက်အမြားဖြင့် ပြန်လည်ရွေးခိုင်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင် အုပ်ချုပ်ရေးမှူးရုံး၌ လူကုန်ကူးမှုဝရမ်းပြေး ဝိဇ္ဇာဆိုသူကို ညအိပ်ညနေ ခိုလှုံခွင့်ပေးထားပြီး သန်းကျော်၊ မောင်မောင်သိမ်း၊ ဇော်မင်းနှင့် တင်ထွန်းအောင် (ခ) စစ်ဒီ တို့ကို အမာခံလူမိုက်အဖြစ် အသုံးပြုကာ ရပ်ကွက်အတွင်း မည်သူမျှ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး မလုပ်ဝံ့အောင် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်။

၎င်းတို့အဖွဲ့သည် ချဲဒိုင်များ၊ မူးယစ်ရောင်းသူများနှင့် လောင်းကစား ဝိုင်းများထံမှလည်း လိုင်းကြေး၊ ဆက်ကြေးများကို အုပ်ချုပ်ရေးမှူးကိုယ်စား လိုက်လံကောက်ခံပေးနေကြသည်။

အုပ်ချုပ်ရေးမှူး အောင်နိုင်က ရပ်ကွက်အတွင်းရှိ စားအုန်းဆီကိုယ်တိုင် မထုတ်ယူသူများ၏ အမည်စာရင်းကို အသုံးပြု၍ ပုဇွန်တောင်ဈေးရှိ ဆိုင်အချို့တွင် ဆီထုတ်ယူကာ ပြန်လည်ရောင်းစားခြင်းဖြင့် ကိုယ်ကျိုးရှာနေသည့်အပြင် အိမ်ခြံမြေ အမွေဆိုင်ပြဿနာများတွင်လည်း တဖက်လူထုထံမှ ငွေယူကာ ဘက်လိုက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

“အခုက ရပ်ကွက်ထဲမှာ လူငယ်တွေ အပြင်မထွက်ရဲတော့ဘူး။ သူတို့နဲ့ မတည့်ရင် အမှုဆင်ပြီး ဖမ်းခိုင်းတာမျိုးတွေ လုပ်နေတာ။ ရဲနဲ့ပေါင်းပြီး ပေါ်တာဆွဲတာတွေလည်း ရှိနေတော့ လူထုက အရမ်းစိုးရိမ်နေရတယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၏ လုပ်ရပ်များကြောင့် ပုဇွန်တောင် ၉ ရပ်ကွက်အတွင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး ရပ် ကွက်လူထုမှာ ဒုစရိုက်အဖွဲ့နှင့် ရဲတပ်ဖွဲ့တို့၏ ရန်ကို နေ့စဉ်နှင့်အမျှ ထိတ်လန့်နေရကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ လမ်းဆုံလမ်းခွများနှင့် နေအိမ်များအတွင်းသို့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ ၇ ရက်ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လူငယ် ၁၀၀ ဝန်းကျင်္ငဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

မေလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း ရွှေဘိုမြို့ပေါ်ရှိ လမ်းဆုံများတွင် အလုပ်သွား၊ အလုပ်ပြန်လုပ်နေသည့် လူငယ်များကို စစ်ကောင်စီတပ်က ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် မြို့ပေါ်ရှိ နေအိမ်အချို့အတွင်းသို့လည်း ဝင်ရောက်ကာ အသက် ၂၀ အရွယ်မှ ၃၀ ဝန်းကျင်ရှိ အမျိုးသားများကို ပစ်မှတ်ထား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ရွှေဘိုမှာကတော့ စစ်တပ်က နေ့တိုင်းလိုလို ဖမ်းနေတာ။ နယ်ကနေ မြို့ပေါ်ကို ဈေးဝယ်တက်လာတဲ့ လူငယ်တွေရော၊ မြို့ပေါ်က အလုပ်သမားတွေရော အဖမ်းခံရတယ်။ အခုဆို ညဘက်ဆိုရင် လူငယ်တွေ အပြင်တောင် မထွက်ရဲတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် လူငယ်များကို မိသားစုနှင့် တွေ့ဆုံခွင့်မပေးသည့်အပြင် ငွေကြေးဖြင့် ပြန်လည်ရွေးယူရန် ကမ်းလှမ်းသော်လည်း လက်မခံဘဲ မုံရွာမြို့ရှိ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) အတွင်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ရွှေဘိုမြို့တွင် ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ပေါ်တာဆွဲမှုမှာ ယခုတစ်ကြိမ်သာမကဘဲ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း ၅ ရက်ဆက်တိုက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လူငယ် ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ယနေ့ထက်တိုင် အဆက် အသွယ် ပြတ်တောက်နေဆဲ ဖြစ်သည်။

လက်ရှိတွင် ရွှေဘိုမြို့ပေါ်၌ စစ်ကောင်စီတပ်၏ ပေါ်တာဆွဲဖမ်းဆီးမှုများကြောင့် ဒေသခံလူငယ်များမှာ အလုပ် အကိုင်နှင့် သွား လာရေးအတွက် စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- လူငယ်များကို အမှုဆင်ဖမ်းဆီးသူ ပုဇွန်တောင် ၉ ရပ်ကွက်အုပ်ကြီး အောင်နိုင်နှင့် စစ်တပ်သတင်းပေး ဝိဇ္ဇာ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article