28.8 C
Yangon

မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရန် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကသာ အဓိကကိုးကားချက်ဖြစ်ကြောင်း အာဆီယံခေါင်းဆောင်များ ထပ်မံအတည်ပြု

Must read

ရန်ကုန်၊ မေ ၁၀

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်သည်သာ အဓိကဖြေရှင်းရမည့် မူဘောင်နှင့် ကိုးကားချက်ဖြစ်ကြောင်း အာဆီယံခေါင်းဆောင်များက ထပ်မံသဘောတူ ဆုံးဖြတ်လိုက်ကြသည်။

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် မေလ ၆ ရက်မှ ၉ ရက်နေ့အထိ ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင် အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ယခုကဲ့သို့ တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အာဆီယံခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဆက်လက်မြင့်တက်နေခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေ အနေများအပေါ် လေးနက်စွာ စိုးရိမ်မိကြောင်း ဖော်ပြထားသည်။ အထူးသဖြင့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ရာတွင် တိုးတက်မှု အားနည်းနေခြင်းကို ထောက်ပြထားပြီး၊ ယင်းသဘော တူညီချက်သည်သာ မြန်မာ့အရေးအတွက် အဓိကကိုးကားချက်ဖြစ်ကြောင်း တစ်ညီတစ်ညွတ်တည်း ထပ်လောင်းအတည်ပြုကြသည်။

အရပ်သားများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်နေမှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး၊ အကြမ်း ဖက်မှုများ ချက်ချင်းရပ်တန့်ကာ အားလုံးပါဝင်သော အမျိုးသားအဆင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းထားသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ခန့်အပ်ခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ် မစ္စ ထရီဇာ ပီ လာဇာရို ၏ ဆောင် ရွက်ချက်များကို အာဆီယံခေါင်းဆောင်များက ချီးကျူးဂုဏ်ပြုကြသည်။ အထူးကိုယ်စားလှယ်သည် မြန်မာ့အရေးကို မြန်မာနိုင်ငံသားများ ကိုယ် တိုင်ဦးဆောင်၍ ရေရှည်တည်တံ့သော အဖြေရှာနိုင်ရန်အတွက် သက်ဆိုင်သူ အဖွဲအစည်းအသီးသီးနှင့် ထိတွေ့ဆက်ဆံနေမှုကို အသိအမှတ်ပြုထားသည်။

ထို့ပြင် မြန်မာ့အရေး လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ရှိစေရန်အတွက် “ရေရှည်ခန့်အပ်ထားမည့် အာဆီယံအထူးကိုယ်စားလှယ်” (Long-term ASEAN Special Envoy) တစ်ဦး ခန့်အပ်နိုင်ရေး အဆိုပြုချက်ကိုလည်း အမြန်ဆုံး အဆုံးသတ် ဆွေးနွေးနိုင်ရန် မျှော်လင့်နေကြသည်။

မြန်မာနိုင်ငံတွင် ဦးဝင်းမြင့် အပါအဝင် အကျဉ်းသား ၅,၅၀၀ ကျော် လွတ်မြောက်လာခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ကို သတ် မှတ်ထားသော နေအိမ်သို့ ပြောင်းရွှေ့ပေးခဲ့ခြင်းတို့ကို အာဆီယံက ကြိုဆိုကြောင်း ဖော်ပြထားသည်။ ယင်းလုပ်ရပ်သည် အားလုံးပါဝင်သော အမျိုးသားအဆင့် ဆွေးနွေးပွဲများအတွက် အပြုသဘောဆောင်သည့် ခြေလှမ်းဖြစ်သည်ဟု ရှုမြင်ထားပြီး ကျန်ရှိနေသေးသည့် အကျဉ်းသားများကိုလည်း ဆက်လက်လွှတ်ပေးရန် ထပ်လောင်းတိုက်တွန်းထားသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံသည် အာဆီယံ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်းနှင့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာတွင် စုပေါင်းအားထုတ်မှုများဖြင့် ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် အလေးပေး ဖော်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article