ရန်ကုန်၊ မေ ၁၀
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဘူးတောင်းကန်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၈ နှစ်အရွယ် မယွန်းစုစုဇင် အပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် မုံရွာ ကျောက်စစ်ပုံ အမြောက်တပ်မှ အကြမ်းဖက် စစ်သားများက ဘူးတောင်းကန်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံးကိုထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုလက်နက်ကြီးကျည် ထိမှန်၍ အသက် ၈ နှစ်အရွယ် မယွန်းစုစုဇင် နှင့် အသက် ၈၀ ကျော် အရွယ် ဒေါ်တင်ပိုင် တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာနေပြည်သူ ဦးအောင်ဝင်း၊ ဒေါ်ရီတင် ၊ ကိုသိန်းဇော် ၊ ဒေါ်တင်မြိုင် ၊ ကိုစိုးမင်းခန့် ၊ မဖြိုးဟန်နီထွန်း နှင့် ဒေါ်အေးမော်တို့ ၇ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူတွေ နေထိုင်တဲ့ ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးပစ်တဲ့ လက်နက်ကြီးကျည်က နေအိမ် ၁ လုံးကို ထိမှန်ပြီး နေအိမ်ထဲမှာရှိနေတဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်နဲ့ အဖွားအို ၁ ဦး ကျည်ထိပြီး ပွဲချင်းပြီးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာလည်း ၇ ဦးရှိတယ်။ ဒဏ်ရာရတဲ့ သူတွေကတော့ မစိုးရိမ်ရဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဧပြီလ ၂၄ ရက်နေ့ကလည်း အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၂ စီးသည် မုံရွာမြို့နယ်၊ ကျွန်းကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျွန်းကြီးကျေးရွာတွင် နေထိုင်သော ကလေးငယ် ၁ ဦး အပါအဝင် အသက် ၄၀ နှစ်အရွယ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။






