ရန်ကုန်၊ မေ ၁၀
အကြမ်းဖက် မင်းအောင်လှိုင်၏ စစ်တပိုင်းအစိုးရကို လုံးဝအသိအမှတ်မပြု ဘဲ အဖိနှိပ်ခံ ပြည်သူလူထုများနှင့်အတူ ရပ်တည် တိုက်ပွဲဝင်သွားမည်ဟု သျှမ်းကျောင်းသားသမဂ္ဂက ကြေညာလိုက်ကြောင်း အဆိုပါကျောင်းသားသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းမွေလျန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက သျှမ်းကျောင်းသားသမဂ္ဂ၏ ရှေ့ဆက်လုပ်ငန်းစဉ်များကို ပြန်လည်သုံး သပ်ဆွေးနွေးနိုင်ရန်၊ လက်ရှိဖြစ်ပျက် နေသော နိုင်ငံရေး၊ တော်လှန်ရေး လုပ်ငန်းစဉ်များနှင့် ပတ် သက်၍ ဆွေးနွေးတိုင်ပင်နိုင်ရန်ရည်ရွယ်ကာ သျှမ်းကျောင်းသားများသမဂ္ဂ နှစ်ပတ်လည်စုံညီ အစည်း အဝေးကို ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် သျှမ်းကျောင်းသားများသမဂ္ဂ၏ ဦးဆောင်ကော်မတီ၊ အလုပ်အမှုဆောင် ကော်မတီ၊ လုပ်ငန်းကော် မတီ များကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပြီး သျှမ်းလူငယ် နှင့် ကျောင်းသားထု များအရေးအတွက် လုပ်ငန်း စဉ် ၈ ရပ်ကို အတည်ပြုခဲ့သည့်အပြင် သျှမ်းကျောင်းသားများသမဂ္ဂ၏ လုပ်ငန်းဆောင်တာများ ရှေ့ ဆက်လွယ်ကူစေရန်အတွက် ကြားကာလဖွဲ့စည်းပုံကိုလည်း အတည်ပြု နိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် သျှမ်းကျောင်းသားသမဂ္ဂ၏ မူဝါဒ၊ ရည်ရွယ်ချက်များနှင့်အညီ ပညာရေး၊ လူ့အခွင့်အရေး၊ အမျိုးသား ရေး၊ တော်လှန်ရေး၊ နိုင်ငံရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ပြီး စစ် အာဏာရှင် စနစ်၊ နယ်ချဲ့ကျူးကျော်အရင်းရှင်စနစ်ကို အပြင်းအထန်ဆန့်ကျင်ကန့်ကွက်ကာ အဆိုပါ စနစ်များ ချုပ်ငြိမ်းရေးအတွက် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
နည်းမျိုးစုံဖြင့်အတိဒုက္ခရောက်နေကြသော အဖိနှိပ်ခံ သျှမ်းပြည်သူလူထုများနှင့်အတူ ရပ်တည် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲဖြင့် မိမိကိုယ်ကို အစိုးရဟုသတ်မှတ်သော မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပိုင်းအစိုးရကို လုံးဝအသိအမှတ်မပြုကြောင်း၊ လက်ရှိသျှမ်း တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းများမှ တည်ဆောက်လုပ်ကိုင်နေသော ဒေသန္တရ အုပ်ချုပ်ရေး စနစ် (Local Governance )များကို ထောက်ခံကာ ပူးပေါင်းပါဝင်ကူညီသွားမည်ကြောင်း ဆက်လက် အသိပေးထားသည်။
သျှမ်းလူထုလက်ရှိကြုံတွေ့နေရသော နိုင်ငံရေး၊တော်လှန်ရေးအခက်အခဲများကိုအဖြေရှာနိုင်ရန် အတွက် သက်ဆိုင်သူအားလုံးပါဝင်သော သျှမ်းအမျိုးသားညီလာခံတစ်ခုပေါ်ပေါက်လာရန်နှင့် ထို ညီလာခံမှ သျှမ်းအမျိုးသားအကျိုးစီးပွားကို ရှေ့ရှုသော ၊သျှမ်းအမျိုးသားနိုင်ငံရေးလမ်းစဉ်နှင့် ပန်း တိုင်ကို ချမှတ်ရန် သျှမ်းကျောင်းသား သမဂ္ဂ (TSU) က တိုက်တွန်းထားသည်။
“ကျမတို့အနေနဲ့ ပြည်သူလူထု၊ ကျောင်းသားထုနဲ့အတူ ရပ်တည်ပြီး လုပ်ဆောင်စရာရှိတာတွေကို ဆက်လုပ်သွားပါ့မယ်။ လက်ရှိအခြေအနေက သွေးစည်းရမယ့် အချိန်မို့လို့ တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူတွေအနေနဲ့ ညီညွတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု သျှမ်းကျောင်းသားသမဂ္ဂ၏ ပြောရေး ဆိုခွင့်ရှိသူ ယိင်းမွေလျန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
သျှမ်းကျောင်းသားသမဂ္ဂအနေဖြင့်လည်း ဘုံရည်မှန်းချက်ပန်းတိုင်တူညီသော မည်သည့် အဖွဲ့ အစည်းနှင့်မဆို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းညီလာခံအစည်းအဝေးသို့ သျှမ်းကျောင်းသားများ သမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ သမဂ္ဂ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောတက်ကြွလူငယ်များ၊ အရပ် ဘက်အဖွဲ့အစည်းများမှ လေ့လာသူ များ စုစုပေါင်း ၄၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။




