27.4 C
Yangon

ဖရူဆိုမြို့နယ်တွင် စစ်တပ်က ဝှယ်ဒူးလျားစစ်ရှောင်စခန်းကို သေနတ် ပစ်ဖောက်ကာ ဝင်ရောက် စီနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ကနီတွင်လည်း စစ်တပ်က ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၁၀

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဝှယ်ဒူးလျားစစ်ရှောင်စခန်းကို သေနတ် ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဖရူဆို့မြို့နယ်၊ ဝှယ်ဒူးလျားစစ်ရှောင်စခန်းကို ရုတ်တရက် သေနတ်များ ပစ်ဖောက်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ဝှယ်ဒူးလျားစစ်ရှောင်စခန်းရှိ နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ပြီး ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထိုစစ်ကြောင်းသည် လက်ရှိချိန်တွင် စစ်ရှောင်စခန်းမှ ပြန်လည် ထွက်ခွာသွားသော်လည်း ပြည်သူများသည် လက်ရှိချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စစ်ခွေးစစ်ကြောင်းက ရုတ်တရက် ဝင်ရောက်စီးနင်းတာဆိုတော့ ပြည်သူတွေလည်း ပစ္စည်းတွေ မယူနိုင်ဘူး။ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးရတယ်။ အဲစစ်ခွေးတွေက စစ်ရှောင်နေအိမ်တွေကို မီးရှို့သွားတာ နေအိမ် အများအပြား မီးလောင်ပြာကျသွားတယ်။ စစ်ခွေး‌တွေက အခုမရှိတော့ပေမယ့် ပြည်သူတွေကတော့ နေရပ်မပြန်နိုင်သေးဘူး။ လက်ရှိချိန်ထိ တိမ်းရှောင်နေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၆ မိနစ်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် ကနီမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲမရှိဘဲ လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာပဲ အခုကရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရတယ်။ ပြည်သူတွေလည်း နေရပ်မပြန်နိုင်သေးဘူး။ တိမ်းရှောင်နေတုန်းဆိုတော့ ထိခိုက်မှု အခြေအနေကို ကျနော်တို့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article