28 C
Yangon

ဆီးရီးယားတော်လှန်ရေးတွင် ပါဝင်ခဲ့သော စေတနာ့ဝန်ထမ်း အမေရိကန်နိုင်ငံသားတစ်ဦးက ချင်းပြည် တော်လှန်ရေးတွင် ပါဝင်တိုက်ခိုက်နေပြီး နိုင်ငံတကာက မြန်မာ့တော်လှန်ရေးအပေါ် အသံတိတ်မသွားရန် တောင်းဆို

Must read

ရန်ကုန်၊ မေ ၁၀

မြန်မာနိုင်ငံရှိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရန်အတွက် ချင်းတောင်တန်းဒေသတွင် အခြေစိုက်လှုပ်ရှားနေသည့် Anti-Fascist Internationalist Front (AIF) အဖွဲ့တွင် စေတနာ့ဝန်ထမ်း အမေရိကန်နိုင်ငံသားတစ်ဦးက ပါဝင်တိုက်ပွဲဝင်နေပြီး နိုင်ငံတကာအနေဖြင့် မြန်မာ့တော်လှန်ရေးအတွက် အသံတိတ်မသွားရန် တောင်းဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်သားတစ်ဦးဖြစ်သူ H (အမည်အပြည့်အစုံ မဖော်ပြထား) သည် ယခင်က ဆီးရီးယားနိုင်ငံမြောက်ပိုင်း (ရိုဂျာဗား) တော်လှန်ရေးတွင် ပါဝင်ခဲ့ဖူးသည့် အတွေ့အကြုံရှိသူတစ်ဦး ဖြစ်သည်။

လက်ရှိတွင် ၎င်းသည် AIF ၏ နိုင်ငံရေးကော်မရှင်တွင် တာဝန်ယူထားပြီး မြန်မာနိုင်ငံသို့ လာရောက်လက်နက်စွဲကိုင်ရခြင်းမှာ သာမန်ကူညီမှုမျိုးမဟုတ်ဘဲ လူမျိုးတုန်းသတ်ဖြတ်မှုကို ခုခံကာကွယ်သည့် တိုက်ပွဲအဖြစ် ခံယူထားခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။

မြန်မာ့တော်လှန်ရေးသည် တခြားသော နိုင်ငံတကာပဋိပက္ခများနှင့်ယှဉ်လျှင် အာရုံစိုက်မှု နည်းပါးနေရခြင်းမှာ မြန်မာနိုင်ငံသည် သမိုင်းတစ်လျှောက် နိုင်ငံတကာ၏ ဂရုပြုမှုအစွန်အဖျားတွင်သာ ရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

“ဒီတော်လှန်ရေးဟာ ၂၀၂၁ အာဏာသိမ်းမှုကို ဆန့်ကျင်တာတင်မကဘဲ ရာစုနှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ ဗဟိုအာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ခုခံစစ်ဖြစ်ပါတယ်” ဟု H က ပြောကြားသည်။

AIF အဖွဲ့ကို ချင်းတောင်တန်းရှိ ဖလမ်းမြို့သိမ်းတိုက်ပွဲ မတိုင်ခင်ကတည်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ချင်းဒေသတွင်းရှိ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ရှေ့တန်းရော နောက်တန်းမှာပါ တာဝန်ယူလျက်ရှိသည်။ ၎င်းတို့အဖွဲ့သည် စစ်ရေးသာမက နိုင်ငံရေး၊ သံတမန်ရေးနှင့် အမျိုးသမီးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး လုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီမှာရှိနေတာဟာ သာမန်ဒုက္ခရောက်နေသူတွေကို သနားလို့ ကူညီတဲ့ ပရဟိတလုပ်ငန်းမျိုး မဟုတ်ပါဘူး။ ဒါဟာ မျိုးတုန်းသတ်ဖြတ်မှုကို ခုခံကာကွယ်တဲ့ တိုက်ပွဲဖြစ်ပါတယ်” ဟု ၎င်းက အလေးပေး ပြောဆိုထားသည်။

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေး၌ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗမာပြည်လွတ်မြောက်ရေးတပ်တော် (BPLA) ကဲ့သို့သော လက်ဝဲယိုင်သည့်အဖွဲ့များအပြင် NUG၊ KIO ကဲ့သို့သော အဖွဲ့အစည်းများနှင့်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ဘုံရည်မှန်းချက်အောက်တွင် အတူတူ တိုက်ပွဲဝင်နေကြသည်။

အမေရိကန်နိုင်ငံသား H က နိုင်ငံတကာလှုပ်ရှားမှုများတွင် မြန်မာ့တော်လှန်ရေးကို ထည့်သွင်းပေးရန်နှင့် မြန်မာရဲဘော်များ၏ အသံကို တိတ်ဆိတ်မသွားစေရန် တိုက်တွန်းနှိုးဆော်သည်။

AIF ၏ လှုပ်ရှားမှုများကို ၎င်းတို့၏ Blog ဖြစ်သော https://aifmyanmar.noblogs.org/ နှင့် Instagram စာမျက်နှာဖြစ်သော https://www.instagram.com/aifmyanmar/ တွင် အမြဲမပြတ် လေ့လာနိုင်ရန် ၎င်းက အသိပေးသည်။

( New Politics တွင် မေလ ၉ ရက်နေ့တွင် ဖော်ပြထားသော Interview with an American Volunteer Fighting in Myanmar’s Civil War ကို ဆီလျှော်အောင် ဘာသာပြန်ပြီး သတင်းအဖြစ် ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။

ဓာတ်ပုံ- AIF Myanmar တပ်ဖွဲ့ဝင်များနှင့် ချင်းပြည်ရှေ့တန်းစစ်မြေပြင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article