ရန်ကုန်၊ မေ ၁၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဖားကန့်တပ်မကုန်းမှ အကြမ်းဖက် စစ်သားများသည် နမ့်မဖြစ်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ထို့နောက် အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ စစ်ကြောင်းထိုးမည့် လမ်းပိုင်းများကို ဒရုန်းဖြင့် ဗုံးကျဲ၍ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း စားသောက်ဆိုင်တစ်ဆိုင်ကို ဒရုန်းဗုံးသီးကျရောက် ပေါက်ကွဲပြီး ပြည်သူ ၁ ဦးသေဆုံးကာ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဖားကန့်တပ်မကုန်းက စစ်ခွေးအဖွဲ့ နမ္မဖြစ်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ အဲမှာ လမ်းရှင်း ဒရုန်းဗုံးကျဲချလို့ စားသောက်ဆိုင်တစ်ခု ဒရုန်းဗုံးကျ၍ ပြည်သူ ၁ ဦးသေဆုံးတယ်။ ကလေးငယ် ၁ ဦး ထိခိုက် ဒဏ်ရာရတယ်။ အခု စစ်ခွေး စစ်ကြောင်းက နမ္မဖြစ်ရွာ ရောက်ရှိနေပြီ တပ်စွဲ အထိုင်ချဖို့ ပြင်ဆင်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မေလ ၈ ရက်နေ့ကလည်း ဖားကန့်မြို့ မှော်စီစာရွာ ဘုရားကုန်းပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် မှော်စီစာရွာ ဘုန်းကြီးကျောင်းနားတွင်ရှိနေသော ပြည်သူ ၁ ဦးကို ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် မေလ ၈ ရက်နေ့ နံနက်ပိုင်းကလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မလောင်မှော်အတွင်းရှိ “မြဥယျာဉ်” ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်၊ မှော်စီစာဘုရားကုန်း၊ သာယာကုန်းနှင့် မလောင်မှော် အနီးတစ်ဝိုက်၊ လုံးခင်း-မှော်စီစာ ကားကြီးပတ်လမ်းနှင့် ကုဋေအုပ်စု ဆက်သွယ်ထားသည့် လမ်းဆုံနေရာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များမီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – မေလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ပျက်စီးခဲ့သော ကုဋေ လမ်းဆုံ




