ရန်ကုန်၊ မေ ၁၁
မြန်မာ အကြမ်းဖက်စစ်တပ်၏ အရပ်သားအစိုးရအဖြစ် ဟန်ပြပြောင်းလဲမှုကို အာဆီယံ အလုပ်သမားသမဂ္ဂများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြင်းထန်စွာကန့်ကွက်ကြောင်း ပူးတွဲ ကြေညာချက်တစ်ရပ်ကို မေလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင် နိုင်ငံတကာ အဆောက်အအုံနှင့် သစ်လုပ်သားများအဖွဲ့ (BWI)၊ အာဆီယံအလုပ်သမားသမဂ္ဂများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်တပ်က ၎င်းတို့၏ စစ်အာဏာရှင်စနစ်ကို အရပ်သားအစိုးရအဖြစ် ပုံစံပြောင်းလဲရန် ကြိုးပမ်းမှုကို ပြတ်ပြတ်သားသား ငြင်းပယ်ကြောင်း ကြေညာထားသည်။
အထူးသဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ‘သမ္မတ’ အဖြစ် တင်မြှောက်ခြင်းသည် စစ်တပ်က ထိန်းချုပ်ထားသည့် ရွေးကောက်ပွဲနှင့် ယန္တရားများမှတစ်ဆင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းသည့် ‘ဟန်ပြ’ လုပ်ရပ်သာဖြစ်ကြောင်း ကန့်ကွက်ရှုတ်ချထားသည်။
အာဆီယံအရပ်ဘက် အဖွဲ့အစည်းများက အာဆီယံအစိုးရများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကြမ်း ဖက်စစ်တပ်၏ ‘အရပ်သားဟန်ပြမျက်နှာဖုံး’ ကို အသိအမှတ်မပြုကြရန် သတိပေးခဲ့သည်။
မြန်မာစစ်တပ်သည် အလုပ်သမားအခွင့်အရေးများကို ဆက်လက်ချိုးဖောက်နေခြင်း၊ အလုပ်သမားသမဂ္ဂများကို နှိပ်ကွပ်ခြင်းနှင့် အဓမ္မလုပ်အားပေးခိုင်းစေခြင်းများကို လုပ်ဆောင်နေကြောင်း ထောက်ပြကြသည်။ ၂၀၂၅ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က အပိုဒ် ၃၃ (Article 33) ကို အသုံးပြုကာ မြန်မာ နိုင်ငံအပေါ် ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ခဲ့ရခြင်းသည်လည်း စစ်တပ်၏ ဆိုးရွားသော ချိုးဖောက်မှုများကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် မနီလာမြို့တွင် ကျင်းပသည့် အာဆီယံအလုပ်သမားရေးရာ အစည်းအဝေးများတွင် အကြမ်းဖက်စစ်တပ်၏ ကိုယ်စားလှယ်များ ပါဝင်ခွင့်ရနေခြင်းသည် နိုင်ငံတကာအဆင့်တွင် ပုံမှန်အခြေအနေဖြစ်နေသယောင် အသုံးချခံရနိုင်သည့်အပေါ် စိုးရိမ်ကြောင်း ပြောဆိုကြသည်။
ယင်းအပြင် BWI အဖွဲ့က ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်လည်း ဆန္ဒပြပွဲများ ပြုလုပ်ကာ အကြမ်းဖက်စစ်တပ်က အာဆီယံကို ‘အရပ်သားအစိုးရမျက်နှာဖုံး’ ဖြင့် လှည့်ဖြားရန် ကြိုးပမ်းမှုကို ရှုတ်ချခဲ့သည်။
အာဆီယံ၏ ဂုဏ်သိက္ခာနှင့် ယုံကြည်စိတ်ချရမှုသည် အာဏာရှင်စစ်တပ်ဘက်က ရပ်တည်ပေးခြင်းထက် မြန်မာပြည်သူများ၊ ဒီမိုကရေစီအင်အားစုများနှင့် လွတ်လပ်သော အလုပ်သမားသမဂ္ဂများဘက်မှ ရပ်တည်ပေးခြင်းအပေါ်တွင်သာ မူတည်နေကြောင်း အာဆီယံ အလုပ်သမားသမဂ္ဂများနှင့် အရပ်ဘက်အဖွဲ့အစည်းများက အလေးအနက် တောင်းဆိုထားသည်






