ရန်ကုန်၊ မေ ၁၁
မန္တလေးတိုင်းအတွင်းရှိ မြင်းခြံ၊ ငါန်းဇွန်၊ တောင်သာနှင့် နွားထိုးကြီးမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က ပြီးခဲ့သည့် ဧပြီလ မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စစ်ကြောင်းထိုးခြင်းတို့ကို လုပ်ဆောင်ခဲ့သဖြင့် အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့ကြောင်း Emergency Management Committee – MDY (EMC-Mandalay) အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်စစ်တပ်သည် မြန်မာနှစ်သစ်ကူးကာလအတွင်း၌ပင် ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများကို ရပ်တန့်ခြင်းမရှိဘဲ အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ရာ မြင်းခြံခရိုင်အတွင်းရှိ မြို့နယ် ၄ ခုတွင် အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိသူများလည်း အမြောက်အမြားရှိခဲ့သည်။
မြေပြင်မှ ကောက်ယူရရှိထားသည့် စာရင်းဇယားများအရ ဧပြီလတစ်လတာအတွင်း မြို့နယ်အလိုက် သေဆုံးခဲ့သည့် အရပ်သားအရေအတွက်မှာ မြင်းခြံမြို့နယ်တွင် ၃၀ ဦး၊ ငါန်းဇွန်မြို့နယ်တွင် ၂၃ ဦး၊ တောင်သာမြို့နယ်တွင် ၁၂ ဦး၊ နွားထိုးကြီးမြို့နယ်တွင် ၇ ဦး တို့ ဖြစ်ကြသည်။
သေဆုံးခဲ့ရသည့် ပြည်သူများထဲတွင် ကာကွယ်စောင့်ရှောက်မှု အထူးလိုအပ်သည့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အများအပြား ပါဝင်နေခြင်းက စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကို ပိုမိုထင် ရှားစေသည်။ အဆိုပါ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို EMC-Mandalay က ဆိုသည်။
EMC-Mandalay အဖွဲ့အနေဖြင့် ယခုကဲ့သို့ စစ်ဘေးဒဏ်သင့်ခဲ့သည့် မိသားစုများအတွက် ပြည်တွင်း၊ ပြည်ပ အလှူရှင်များနှင့် ချိတ်ဆက်ကာ လိုအပ်သည့် ငွေသားထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ သို့သော် မြေပြင်တွင် အမှန်တကယ် အကူအညီလိုအပ်နေသူများစွာ ကျန်ရှိနေသေးသဖြင့် မိဘပြည်သူများအနေဖြင့်လည်း တတ်စွမ်းသမျှ ပါဝင်လှူဒါန်းနိုင်ရန် အဆိုပါအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။
“လက်ရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်ဘက်တွေကို စစ်တပ်က စစ်ကြောင်းတွေ ခွဲပြီး ထိုးနေတယ်။ ရွာတွေကို မီးရှို့တယ်။ လမ်းမှာ တွေ့သမျှ ပြည်သူကို ဖမ်းဆီးပြီး သတ်ဖြတ်တယ်။ တိုက်ပွဲတွေကတော့ တောက် လျှောက်ဖြစ်နေတယ်။ ပြည်သူတွေကတော့ စစ်ကြောင်းထိုးတဲ့နေရာကို အဓိက ရှောင်ပြီး စစ်ကြောင်း ပြန်ထွက်သွားရင် ပြန်ဝင်နေကြတယ်။ နည်းနည်းထူးခြားတာက စစ်ကြောင်းထိုးတာက စစ်ကြောင်းတွေခွဲတယ်။ စစ် ကြောင်းတစ်ကြောင်း ထွက်သွားပြီးတာနဲ့ နောက်ထပ်စစ်ကြောင်း တစ်ကြောင်းက နောက်ကနေ ထပ်ဝင်တယ်။ အဲဒီတော့ ပြည်သူတွေမှာ အိမ်ပြန်ဖို့ တော်တော်ခက်တယ်။ အငိုက်မိပြီး အသတ်ခံရတာတွေလည်း များလာတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်က စစ်ကြောင်းထိုးရာတွင် အညာဒေသသို့ လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက် တိုးမြှင့်လာနေကြောင်း အဆို ပါ တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
“အခု အချက်အလက်တွေက သင်္ကြန်ကာလ (၁၃ ရက်မှ ၁၆ ရက်) အတွင်းသာမကဘဲ၊ ဧပြီလ (၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ တစ်လတာလုံးအတွက် ကောက်ယူထားတဲ့ မြေပြင်စုစုပေါင်း အချက်အလက် ဖြစ်ပါတယ်။ သင်္ကြန်ကာလ (၁၃-၁၆ ရက်) အတွင်းမှာလည်း တိုက်ခိုက်မှုများရှိခဲ့သလို၊ သင်္ကြန်မတိုင်မီနှင့် ပြီးနောက်ရက်များတွင်လည်း အလားတူ တိုက်ခိုက်မှုများ စဉ်ဆက်မပြတ် ရှိနေခဲ့ပါတယ်။ သင်္ကြန်မတိုင်ခင်ကာလမှာက ပြည်သူ စုစုပေါင်း ၄၃ ဦးသေဆုံးထိခိုက်မှုရှိခဲ့ပြီး၊ သင်္ကြန်ပြီးနောက်မှာ ပြည်သူ စုစုပေါင်း ၅၂ ဦးရှိခဲ့ပါတယ်။ စုစုပေါင်း ၉၅ ဦးကိုမှ အဲ့ဒီထဲမှာ ၇၂ ဦးက အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့်တော့ တစ်ချို့ဒေတာတွေက အသက်နဲ့ပတ်သက်ပြီး မရထားလို့ပါ။ စုစုပေါင်း ပြည်သူ ၉၅ ယောက်မှာ ၁၈ နှစ်အောက် ကလေး ၁၂ ယောက်နဲ့ ၆၀ နှစ်အထက် သက်ကြီးရွယ်အို ၁၈ ယောက်ပါ။ ကျန်တဲ့သူတွေက ၁၈-၆၀ နှစ်ကြားပါ” ဟု Emergency Management Committee – MDY (EMC-Mandalay) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ဓာတ်ပုံ- ၂၀၂၅ ခုနှစ်မေလအတွင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲ၍ ကျောင်းသားကျောင်းသူ ၂၁ ဦးနှင့် ဆရာ၊ဆရာမ ၂ ဦး သေဆုံးခဲ့စဉ်။




