27 C
Yangon

ထိုင်းနိုင်ငံ၊ ရနောင်းတွင် မြန်မာနိုင်ငံသား တစ်ဦး ပိုင်ဆိုင်သော ထိုင်းဘတ် သန်း ၅၀ တန်ဖိုးရှိ မှောင်ခိုပစ္စည်းများကို ထိုင်းဝန်ကြီးချုပ် သွားရောက်စစ်ဆေးပြီး အံ့ဩတုန်လှုပ်ဟုဆို

Must read

ရန်ကုန်၊ မေ ၁၁

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချာန်ဗီရာကူးလ်က ရနောင်းခရိုင်အတွင်းရှိ မြန်မာနိုင်ငံသားတစ်ဦး ပိုင်ဆိုင်ပြီး ထိုင်းဘတ် သန်း ၅၀ (မြန်မာငွေ သိန်းပေါင်း ၅၀,၀၀၀ ကျော်) ခန့် တန်ဖိုးရှိသည့် မှောင်ခိုလျှပ်စစ်ပစ္စည်းများ သိုလှောင်ထားသော တရားမဝင်ဂိုဒေါင်တစ်ခုကို တနင်္ဂနွေနေ့က ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ရာ တွေ့ရှိရသည့် အခြေအနေများကြောင့် များစွာအံ့ဩတုန်လှုပ်မိကြောင်း ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်သည် မူလက ဖူးခက်မြို့တွင် ရောက်ရှိနေခြင်းဖြစ်သော်လည်း ယခုကဲ့သို့ မှောင်ခိုပစ္စည်းများ စီးနင်းရမိသည့် သတင်းကြောင့် ခရီးစဉ်ကို အတိုချုံ့ကာ ရနောင်းခရိုင်၊ မောင်မြို့နယ်၊ ဘန်ရင်ကျေးရွာရှိ ‘168 Transport Logistics Co’ အမည်ဖြင့် ဖွင့်လှစ်ထားသည့် တရားမဝင်ဂိုဒေါင်သို့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါဂိုဒေါင်အတွင်း၌ စက်ရုံနှင့် ဟိုတယ်သုံး လျှပ်စစ်မီးစက်ကြီးများ၊ အဲယားကွန်းများအပါအဝင် အခြားသော လျှပ်စစ်ပစ္စည်းများစွာကို တွေ့ရှိခဲ့ရသည်။

စစ်ဆေးတွေ့ရှိချက်များအရ အဆိုပါကုန်ပစ္စည်းများသည် မြန်မာနိုင်ငံသားတစ်ဦး ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုထားပြီး၊ လက်ရှိတွင် ထိုင်းစစ်ဘက်နှင့် ရဲတပ်ဖွဲ့က ပစ္စည်းအားလုံးကို သိမ်းဆည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

ထိုင်းဝန်ကြီးချုပ် အနူတင်က “ဒီပစ္စည်းတွေကို ‘ဖြတ်သန်းကုန်စည်’ (Transit Cargo) အဖြစ် ကြေညာထားတာဖြစ်လို့ ထိုင်းနိုင်ငံအတွင်းမှာ ရက်ပေါင်း ၃၀ ပဲ ထားပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အခုတော့ အဲ့ဒီရက် ၃၀ သတ်မှတ်ချက်ထက် အများကြီးကျော်လွန်နေတာကို တွေ့ရပါတယ်” ဟု ပြောကြားသည်။

ဂိုဒေါင်အတွင်း၌ အဲယားကွန်း အလုံးရေ ၂,၀၀၀ ခန့်အပြင် ရေခဲမုန့်လုပ်စက်များ၊ ရေခဲသေတ္တာများနှင့် ရေစုပ်စက်များစွာ ရှိနေကြောင်း သိရသည်။ အဆိုပါပစ္စည်းများမှာ ရက် ၃၀ ထက်ကျော်လွန်နေပြီဖြစ်သဖြင့် သက်ဆိုင်သူများဘက်မှ တရားဝင် အကောက်ခွန်စာရွက်စာတမ်းများ လာရောက်မပြသနိုင်ပါက ထိုင်းနိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမည်ဖြစ်သည်။

ကုန်သိုလှောင်ရုံကို စီးနင်းမှုပြုလုပ်စဉ်အတွင်း တာဝန်ရှိသူများထံသို့ ထူးဆန်းသော ဖုန်းခေါ်ဆိုမှုများ ရောက်ရှိခဲ့ပြီး၊ ရဲအရာရှိကြီးများကို သိကျွမ်းသူဖြစ်ကြောင်း ပြောဆိုကာ စီးနင်းမှုကို ရပ်တန့်ရန် ခြိမ်းခြောက်ခဲ့သလို မြန်မာနိုင်ငံဘက်ခြမ်းမှလည်း ဖုန်းခေါ်ဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။ သို့သော် ထိုင်းအရာရှိများက မတုန်မလှုပ်ဘဲ သမာဓိရှိရှိ တာဝန်ထမ်းဆောင်ခဲ့သည့်အပေါ် ထိုင်းဝန်ကြီးချုပ်က ချီးကျူးစကား ပြောကြားခဲ့သည်။

လက်ရှိတွင် ရနောင်းခရိုင်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေခံရဲတပ်ဖွဲ့များက ဤမှောင်ခိုမှုနှင့် ပတ်သက်သည့် ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိပြီး၊ ယခုဖြစ်စဉ်ကို “လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုပုံစံသစ်” တစ်ခုအဖြစ် ထိုင်းအစိုးရက သတ်မှတ်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article