ရန်ကုန်၊ မေ ၁၁
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၃ ဦးကို ပစ္စတိုသေနတ် ၁ လက်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း ကော့သောင်းခရိုင် ပကဖမှ ကိုကျားကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မေလ ၁၀ ရက်နေ့က ကော့သောင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ရာ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ အသက် ၃၆ နှစ်အရွယ် အမျိုးသား၁ ဦးကို WY မူးယစ်ဆေးဝါး ၆၃၀ ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ၊ ဖုန်း ၂ လုံးနှင့် မူးယစ်ဆေးဝါးရောင်းရငွေ ထိုင်းဘတ်ငွေ ၈,၂၈၀ ဘတ်ဖြင့် လည်းကောင်း၊ အသက် ၅၃ နှစ်အရွယ် အမျိုးသားထံမှ WY မူးယစ်ဆေးဝါး ၄၆ ပြားနှင့် ဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ အသက် ၄၃ နှစ်အရွယ် အမျိုးသားထံမှ 380 Point V ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၅၈ တောင့်၊ ဖုန်းတစ်လုံး၊ ထိုင်းဘတ်ငွေ ၁,၈၅၀ ဘတ်တို့ဖြင့် လည်းကောင်း အသီးသီး ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
“သူတို့က မူးယစ်ဆေးဝါးတွေလည်း ရောင်းဝယ်သုံးစွဲတယ်။ စကစကိုလည်း သတင်းပေးလုပ်နေတယ်လို့ သ တင်းရလို့ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးလိုက်တာပါ။ ဖမ်းဆီးစစ်ဆေးတဲ့အချိန်မှာလည်း မူးယစ်ဆေးဝါး ရောင်း ဝယ်သုံးစွဲတယ်ဆိုတာ ဝန်ခံထားပါတယ်။ သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးတဲ့အခါမှာလည်း စကစထံ သတင်း ပို့ထားတဲ့ အချက်အလက်တွေ တွေ့ခဲ့တယ်။ အခုချိန်ထိတော့ ဆက်လက်စစ်ဆေးနေတုန်းပါပဲ၊ ရရှိတဲ့ သက် သေအချက်အလက်အပေါ်မှာ မူတည်ပြီးတော့ ဆက်လက်အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ကော့သောင်းခရိုင် ပကဖမှ ကိုကျားကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ နယ်မြေရှင်းလင်းမှုကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီတိုင်း (ပကဖ) တိုက် ခိုက်ရေးတပ်ရင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အတူ သိမ်းဆည်းရရှိသည့် အခြားပစ္စည်းများကို ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန် မြှင့် ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများ တွေ့ရှိပါက သတင်းပေးပို့ တိုင်ကြားကြပါရန် တိုက်တွန်းထားသည်။
“မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မူးယစ်ဆေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ လူတွေကိုလည်း သတင်းအချက်အလက် ခိုင်လုံစွာ ရရှိထားပြီးသားဖြစ်လို့ မပြုပြင်ကြဘူးဆိုရင်တော့ တစ်နေ့အရောက်လာခဲ့မှာပါလို့ ပြောချင်ပါတယ်။ အခုက အချိန်မီပါသေးတယ် ပြင်ဆင်ကြပါ၊ တွေ့မှ ခွင့်လွှတ်ပါဆိုရင်တော့ နောက်ကျသွားပါပြီလို့ပဲ ပြောချင်ပါတယ်” ဟု ကော့သောင်းခရိုင် ပကဖမှ ကိုကျားကြီးက ပြောဆိုသည်






