ရန်ကုန်၊ မေ ၁၃
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်မှုထမ်းကြေး လစဉ် ပုံမှန်ကောက်ခံနေသည့်ကြားမှ စစ်တပ်ဝါဒဖြန့် MRTV သတင်းတင်ဆက်သူ ဆွေဆွေခိုင်၏ မောင်ဖြစ်သူ နေမျိုးလင်း အပါအဝင် ရွာသားလူငယ်များကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူများ၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အင်ပင် (မြောက်) ရွာမှ စစ်တပ်ဝါဒဖြန့် MRTV မြန်မာ့အသံ သတင်းတင်ဆက်သူ ဆွေဆွေခိုင်၏ မောင်ဖြစ်သူ ပြောင်ကြီး (ခေါ်) မောင်နေမျိုးလင်း အပါအဝင် ဒေသလူငယ်အချို့ကို စစ်တပ်နှင့် ပျူစောထီးများက ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
“နေ့လယ်အချိန်ကြီးကို ပေါ်တာဝင်ဆွဲတာ။ ရွာထဲအထိ အကုန်ဝင်ဆွဲတာ။ လူငယ်တွေအကုန်ပဲ။ အဲဒီမှာ မြန်မာအသံမှာ သတင်းကြေညာနေတဲ့ မဆွေဆွေခိုင်ရဲ့ မောင် ပြောင်ကြီး (ခေါ်) မောင်နေမျိုးလင်းလည်းပါသွားတယ်။ လိုက်ရွေးတာလည်း အရွေးမခံဘူး။ လူငယ်တွေလည်း တော်တော်များများပါသွားတယ်” ဟု တပ်ကုန်းမြို့နယ်မှ ဒေသသတင်းရင်းမြစ်ကရှင်းပြသည်။
ဒေသခံများ၏ ပြောပြချက်အရ အင်ပင်ကျေးရွာအုပ်စုအတွင်း စစ်မှုမထမ်းလိုပါက တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် “စစ်မှုထမ်းကြေး” များကို လစဉ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကောက်ခံပြီး စစ်တပ်ထံသို့ လစဉ်ပေးပို့လျက်ရှိကြောင်း၊ ယင်းသို့ စစ်မှုထမ်းကြေး ငွေကြေးများ ပေးဆောင်နေရသည့် ကြားမှပင် ယခုကဲ့သို့ လူငယ်များကို အတင်းအဓမ္မ ပေါ်တာဆွဲ ထပ်မံဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
တပ်ကုန်းမြို့နယ်အာဏာပိုင်များက ကျေးရွာအတွင်း လူထုတွေ့စုံပွဲများ ပြုလုပ်စဉ် “စစ်မှုထမ်းရန် ဆင့်ခေါ်စာ ပါရှိသူများကိုသာ စစ်မှုထမ်းရန် လာရောက်ခေါ်ယူမည်ဖြစ်ပြီး ဆင့်ခေါ်စာမပါသူများ အေးဆေးစွာ နေနိုင်သည် ဟု ကတိပေး ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ဆင့်ခေါ်စာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျေးရွာများထံသို့ စစ်တပ်နှင့်ပျူစောထီးများက ဝင်ရောက်ကာ တွေ့ရှိသော လူငယ်မှန်သမျှကို လိုက်လံဖမ်းဆီးနေခြင်းဖြစကြောင်း သိရှိရသည်။
တပ်ကုန်းမြို့နယ်၊ အင်ပင်အုပ်စုသည် လက်ရှိ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ မောင်မောင်အုန်း၏ မဲဆန္ဒနယ်မြေဖြစ်ပြီး ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ဖူးသည့် နယ်မြေတစ်ခုလည်း ဖြစ်သည်။
ယခုအခါ စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာဖြစ်သော MRTV မှ ဝန်ထမ်းမိသားစုဝင်များပင် ဖမ်းဆီးခံနေရသည့် အခြေအနေကြောင့် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုများအောက်တွင် မည်သူမျှ ဘေးမကင်းကြောင်း သက်သေပြနေသည်ဟု ဒေသပြည်သူများက ပြောဆိုကြသည်။






