26.2 C
Yangon

တီးတိန်၊ ခိုင်ကမ်းမြို့တွင် စစ်တပ်က ကုန်ကား ၁ စီးလျှင်ငွေကျပ် သိန်းဆယ်ချီ ငွေညှစ်ပြီး မပေးနိုင်သူများကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီး၊ ပြည်မြို့တွင်လည်း စစ်တပ်က ပြည်သူများထံမှ ငွေကောက်ပြီး စမတ်ကတ်အတင်းအဓမ္မ လုပ်ခိုင်း

Must read

ရန်ကုန်၊ မေ ၁၃

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် အကြမ်းဖက် စစ်တပ်က ကား ၁ စီးလျှင် ငွေကျပ်သိန်း ဆယ်ချီ အခွန်ကောက်ပြီး မပေးနိုင်သူများကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ခိုင်ကမ်းမြို့မရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် ၉ မိုင်ဂိတ်နှင့် ၈ မိုင်ဂိတ်တွင် ကုန်ကားများနှင့် ခရီးသွားကားများကို ပစ်မှတ်ထားပြီး ကား ၁ စီးလျှင် ငွေကျပ် သိန်း ဆယ်ဂဏန်းချီ အခွန်ကောက်ခံသည်ဟုဆိုကာ အတင်း အဓမ္မ တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က ၎င်းတို့ တောင်းခံသည့် ငွေကြေးမပေးဆောင်နိုင်ပါက ကားကိုပါ သိမ်းဆည်းကာ ယာဉ်မောင်းနှင့် ကားပေါ်လိုက်ပါလာသူများကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်ကြောင်း၊ ယင်းသို့ ဖမ်းဆီးခံရသူများကို မိသားစုဝင်များက ငွေကျပ် သိန်းရာချီပေး၍ လိုက်လံ ရွေး‌ထုတ်နေရကြောင်း သိရှိရသည်။

“ခိုင်ကမ်းမြို့မရဲစခန်း ၉ မိုင် ဂိတ်က စစ်ခွေးတွေ အခွန်မတရားကောက်တယ်။ ကား၁စီးကို အနည်းဆုံး သိန်း ၅၀ တောင်းတယ်။ နောက်ပြီး ခိုင်းကမ်းရဲစခန်းအောက်က ၈ မိုင်ဂိတ်မှာလည်း စစ်ခွေးတွေက ကား ၁ စီးကို သိန်း ၅၀ တောင်းတယ်။ မပေးရင် ကားဖမ်းတယ်။ စစ်တပ်ထဲဝင်ခိုင်းတယ်။ အဲကောင်တွေ တော်တော်ဆိုးနေပါတယ်။ ပြည်သူတွေလည်း အဲ့ဂိတ်တွေကို မဖြတ်ရဲတော့ဘူး” ဟု ငွေညှစ်ခံရသူ ပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပြည်မြို့တွင်လည်း အကြမ်းဖက် စစ်တပ်က ငွေကြေးကောက်ခံကာ UDI စမတ်ကတ်များ အတင်း အဓမ္မ လုပ်ခိုင်းနေကြောင်း ပြည်မြို့နယ်အုပ်ချုပ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၁ ရက်နေ့မှ စတင်ပြီး ပြည်မြို့တွင် အကြမ်းဖက် စစ်တပ်၏ အသွင်ပြောင်း အစိုးရက ရက် ၁၀၀ စီမံကိန်း စမတ်ကတ်ပြုလုပ်ရမည်ဟုဆိုကာ ပြည်သူတစ်ဦးလျှင် ငွေကျပ် ၃၀၀၀ လိုက်လံကောက်ခံနေကြောင်း၊ ထို့ပြင် ဝက်ထီကန်နယ်မြေ တဲကြီးကုန်းအုပ်စု တဲကြီးကုန်းကျေးရွာ ကြံ့ဖွတ်ပါတီ ရပ်ကျေးအဖွဲ့ဝင် စိန်ဝင်းကြည် နေအိမ်တွင်လည်း ပြည်မြို့ လဝက မှ ဝက်ထီးကန်နယ်မြေတာဝန်ခံ ဖြိုးဝေအောင် ဦးဆောင်ပြီး တယောက်ကို ၃၀၀၀ ကျပ် အတင်း အဓမ္မလိုက်လံ ကောက်ခံနေကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က စမတ်ကဒ်များ အတင်းအဓမ္မ လုပ်ဆောင်ခိုင်းနေခြင်းသည် ပြည်မြို့နယ် အတွင်းရှိ လူငယ်များကို ပစ်မှတ်ထား၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် သတိပြု သွားလာနေထိုင်ကြရန် ပြည်မြို့နယ်အုပ်ချုပ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

“အခုက ရက် ၁၀၀ စီမံကိန်းဆိုပြီး ငွေကြေးတပြားမှ မကောက်ခိုင်းဘဲ စမတ်ကဒ်တွေလုပ်ပေးတာကို စစ်ခွေးနဲ့ အုပ်ကြီးတွေပေါင်းပြီး လူ ၁ ဦးကို ၃၀၀၀ ကျပ် တောင်းတယ်။ အခုက ဒီကောင်တွေက အတင်း အဓမ္မ စမတ်ကဒ် လုပ်ခိုင်းပြီး နောက်ပိုင်း လူငယ်တွေကို ပိုပြီးတော့ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်လာလိမ့်မယ်။ သူတို့ဆီ စာရင်းအတိအကျ ရသွားရင် လူငယ်တွေ ပိုကြပ်လာမယ်။ လူငယ်တွေ အနေနဲ့ သတိပြု သွားလာနေထိုင်ကြဖို့ အသိပေးချင်တယ်” ဟု ပြည်မြို့နယ်အုပ်ချုပ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ခရီးသည်တင်ကားများကို တားဆီး စစ်ဆေးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article