26.2 C
Yangon

အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေး ကြိုးပမ်း အားထုတ်မှုများအတွက် ပိုမိုအားကောင်းသော၊ ထိရောက်သည့်အကူအညီများ ပေးအပ်ကြရန် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာသို့ တောင်းဆို

Must read

ရန်ကုန်၊ မေ ၁၃

အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေး ကြိုးပမ်း အားထုတ်မှုများအတွက် ပိုမိုအားကောင်းသော၊ ထိရောက်သည့် အကူအညီများ ပေးအပ်ကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာသို့ တောင်းဆိုသည်။

မေလ ၁၂ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကုလသမဂ္ဂဆိုင်ရာ သီရိလင်္ကာနှင့် ထိုင်းအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့က ဦးဆောင်ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့ အထိမ်း အမှတ် အခမ်းအနား ကျင်းပစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ကာ စစ်တပ်မှ ရက်စက်ကြမ်းကြုတ်မှုများကို ဆက်တိုက် ကျူးလွန်လာခဲ့ပြီးနောက် မြတ်ဗုဒ္ဓ၏ အဆုံးအမများကို နာယူကျင့်ကြံအားထုတ်ရန်ပင် စိန်ခေါ်မှု အလွန့်အလွန် ကြီးမားလာခဲ့ကြောင်း၊

မြန်မာပြည်သူပြည်သားများအနေဖြင့် အတင်းအကျပ် နေရပ်စွန့်ခွာနေထိုင်ရခြင်းမှသည် ဆင်းရဲနွမ်းပါးမှု၊ အခြေခံဝန်ဆောင်မှုများ သိသိသာသာ မရှိခြင်းနှင့် အပြစ်မဲ့ ပြည်သူမြောက်များစွာ၏ အသက်အိုးအိမ်များ ဆုံးရှုံးရသည်အထိ ဆင်းရဲဒုက္ခက ဆိုးရွားစွာ ကြီးထွားလာခဲ့ကြောင်း ပြောဆိုသည်။

ထိုသို့ ခံစားနေရသည့်အကြားကပင် မြန်မာ ပြည်သူများ၏ ကြံ့ခိုင်သော စိတ်ဝိညာဉ်သည် မယိုင်မနဲ့ သန်မာလျက်ရှိပြီး စစ်မှန်သော တရားဓမ္မနှင့် ငြိမ်းချမ်းရေးတို့ကို မျှော်မှန်း တောင့်တလျက်ရှိကြောင်း၊ “ငြိမ်းချမ်းရေး လမ်း လျှောက်ခြင်း (Walk for Peace)” ခရီးရှည်သည် ငြိမ်းချမ်းရေးကို အထူး ငတ်မွတ်တောင့်တနေကြသည့် မြန်မာ ပြည်သူပြည်သားများအတွက် မျှော်လင့်ချက်နှင့် ခွန်အားတို့ကို သယ်ဆောင်ပေးကြောင်း သူက ရှင်းပြသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် ဆုတောင်းပေးကြပါရန်နှင့် မြန်မာပြည်သူများ၏ ငြိမ်းချမ်းသော၊ ရေရှည်တည်တံ့သော၊ သာယာဝပြောသော၊ တရားမျှတသော၊ အားလုံးပါဝင်သော အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေး ကြိုးပမ်း အားထုတ်မှုများအတွက်လည်း ပိုမို အား ကောင်းသော၊ ထိရောက်သည့် အကူအညီများ ပေးအပ်ကြရန် သံအမတ်ကြီးက တောင်းဆိုသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနား ပြီးနောက် မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန် မြန်မာဘုန်းတော်ကြီးများဖြစ်သော အရှင်သီလနန္ဒာ၊ အရှင်ပါရမ နှင့် အရှင်ကုမုဒါတို့သည် မြန်မာ အမြဲ တမ်းကိုယ်စားလှယ်အဖွဲ့ရုံးသို့ ကြွရောက်၍ အန္တရာယ်ကင်း ပရိတ်တရားနာမှုများ ပြုလုပ်၍ ရေစက်ချ အမျှဝေမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article