ရန်ကုန်၊ မေ ၁၃
မကွေးတိုင်း၊ ဆောမြို့နယ် အတွင်း စစ်တပ်က အင်အားသုံး စစ်ကြောင်းထိုးနေ၍ စစ်ရေးတင်းမာနေကြောင်း ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
မေလ ၁၃ ရက်နေ့မှစတင်၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် ကုန်းကြောင်း၊ လေကြောင်း ပစ်ကူများဖြင့် သာလွန်သောအင်အားအသုံးပြုကာ ဆောမြို့နယ်အတွင်းရှိ ကျောက်ထုမြို့ နှင့် ဆောမြို့ တို့ကို ရက် ၁၀၀ စီမံချက်ဖြင့် အင်အား ၁၀၀၀ ခန့် အသုံးပြု၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ လောင်းရှည်-ဆော လမ်းပိုင်းနှင့် တပြင်း-ကျောက်ထု လမ်းပိုင်းတွင် နေထိုင်သော ပြည်သူများအားလုံး ဘေးလွတ်ရာ လုံခြုံရာ နေရာများတွင် သတိရှိရှိ နေထိုင်ကြပါရန် အရေးပေါ် လိုအပ်ခြင်းမရှိဘဲ လမ်းကြောင်းအသုံးပြု ခရီးသွားလာခြင်းများ မပြုလုပ်ကြပါရန်နှင့် လေကြောင်းရန် ကာကွယ်ရန် လေယာဉ်သံကြားလျှင် ဗုံးခိုကျင်းများတွင် နေထိုင်ကြပါရန် စစ်ရေးအခြေအနေများကို နားစွင့်စောင့်ကြည့်နေကြရန် အထူးအရေးပေါ်ကြေညာထားပြီး စစ်ရေးအရ ထူးခြားမှုထပ်မံပေါ်ပေါက်လာပါကအချိန် နှင့် တပြေးညီ ထုတ်ပြန် ကြေညာ ပေးမည်ဖြစ် ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
“စစ်ခွေးတွေက ဆောမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာပါ။ အခုက စစ်ရေးလည်း တင်းမာနေတယ်။ ပြည်သူတွေလည်း စစ်တပ် စစ်ကြောင်း အခြေအနေကြည့်ပြီးတော့ တိမ်းရှောင်နေရတာတွေလည်းရှိတယ်။ စစ်ကြောင်းက ကျောက်ထုမြို့နဲ့ ဆောမြို့ကို ဦးတည်ပြီးတော့ စစ်ကြောင်းထိုးနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နှင့် မကွေးတိုင်း ပေါက်မြို့နယ်၊ ထီးလင်းမြို့နယ် တို့ကို စစ်တပ်က လေယာဉ်၊ Gyrocopter များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် ပေါက်မြို့နယ်အနောက်ခြမ်း ထီးလင်းမြို့နယ် အရှေ့တောင်ခြမ်းအစပ်ရှိ ပုံတောင်ကြောကို ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ တောတောင်များ အတွင်း ကျရောက်ပေါက်ခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မုံရွာမြို့ နမခ မှ တက်လာသော Gyrocopter ၃ စီး သည် ပေါက်မြို့နယ်အရှေ့မြောက်ခြမ်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ နေအိမ် ၁ လုံးလည်းပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ပေါက်မြို့နယ်ထဲကို စစ်ခွေးတွေ ဗုံးကျဲသွားတာက ပြည်သူ ၁ ဦးသေဆုံးတယ်။ ပေါက်နဲ့ ထီးလင်း အစပ် ပုံတောင်ကြောကို ဗုံးကျဲသွားတာကတော့ ပြည်သူတွေထိခိုက်မှုမရှိဘူး။ တောတောင်တွေထဲပဲကျတာလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၉ မိနစ်ခန့်တွင်လည်း ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း နဘဲပင်လှရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်း တိုက်ခိုက်မှု ၁ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။




