27 C
Yangon

မနိုဘယ်လ်အေး နှင့် ရဲဘော်ကိုလေးခွင်းကို စစ်တပ်က ပစ်သတ်မှု အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ပြင်ပထုတ်၍ သတ်ဖြတ်ရန် စစ်တပ်၏ အမိန့်ပေးမှုကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်ဟောင်း မျိုးဆွေနှင့်ဝန်ထမ်းများက ပူးပေါင်းအကောင်အထည်ဖော်ပေးခဲ့

Must read

ရန်ကုန်၊ မေ ၁၄

မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများကို ညှဉ်းပန်းဖိနှိပ် သတ်ဖြတ်ရန် စစ်ခေါင်းဆောင်များက အမိန့်ပေးမှုအပေါ် အကျဉ်းဦးစီးညွှန်ချုပ် ဗိုလ်မှူးချုပ်ဟောင်း မျိုးဆွေနှင့်ဝန်ထမ်းများက အကောင်အထည်ဖော်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသူ မနိုဘယ်လ်အေးနှင့်ရဲဘော်ကိုလေးခွင်းတို့ကို သတ်ဖြတ်မှုတွင် အကျဉ်းဦးစီးဌာနက ပါဝင်ခဲ့ကြောင်း အကျဉ်းစီးဌာနသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ရာထူးကို ရယူခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း မျိုးဆွေသည် ရှမ်း ပြည်နယ် (တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့အခြေစိုက် အမှတ် ၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၃) ၏ ကျောင်းအုပ်ကြီးအဖြစ်မှ အကျဉ်းဦးစီးဌာနသို့ ညွှန်ကြားရေးမှူးချုပ်အဖြစ် တိုက်ရိုက် ပြောင်းရွှေ့လာသူဖြစ်သည်။

စစ်အာဏာသိမ်းကာလ အကျဉ်းဦးစီးဌာနသို့ စစ်တပ်ဘက်မှ တိုက်ရိုက်ပြောင်းရွှေ့လာသူ ညွှန်ချုပ် မျိုးဆွေက အကျဉ်းဦးစီးဌာန ညွှန်ချုပ်အဖြစ် တာဝန်ယူပြီးနောက် စံပြအဖြစ် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို ဖိနှိပ်ညှဉ်းပန်းရန် ညွှန်ကြားခဲ့ကြောင်း၊ စစ်တပ်ကို ဆန့်ကျင်သူများကို ဖယ်ရှားရှင်းလင်းရမည်ဆိုသော အလွန်တင်း မာသော သဘောထားတင်းမာသူဖြစ်ကြောင်း၊ ၎င်းစတင်တာဝန်ယူကတည်းက အကျဉ်းဦးစီးဌာနအတွင်း နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးအကျဉ်းသူများအပေါ် ဖိနှိပ်မှုများ လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလအတွင်း လက်နက်များနှင့်အတူ ဖမ်းဆီးခံခဲ့ရသော မနိုဘယ်လ်အေးနှင့် ကိုလေးခွင်တို့ကို ပဲခူးတိုင်း၊ ဝေါမြို့နယ် တရားရုံးမှ ရမန်ယူပြီး အကျဉ်းထောင်သို့ အပြန်လမ်းတွင် ထွက်ပြေးသည်ဟုဆိုကာ ပစ်ခတ်သတ် ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ စစ်တပ်က သတ်ဖြတ်မည်ကို အကျဉ်းဦးစီးဌာနမှ ညွှန်ချုပ် မျိုးဆွေနှင့် ဝန်ထမ်းများ ကြိုတင်သိရှိခဲ့ကြပြီး သတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရသည်။

“မနိုဘယ်လ်အေး ဖြစ်စဉ် မဖြစ်ခင်မှာ ၂၀၂၃ ခုနှစ် ဇွန်လထဲမှာ ဒိုက်ဦး (ကျိုက်ဇကော) ထောင်ကနေ အင်းစိန် ထောင်ကို ထောင်ပြောင်းရင်း လမ်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ပစ်သတ်ခံခဲ့ရတာရှိတယ်။ နောက်ပြီး မြင်းခြံထောင်ဖြစ်စဉ်ရှိတယ်။ အဲဒီဖြစ်စဉ်တွေမှာလည်း အကျဉ်းဦးစီးဌာနက ကြိုတင်သိရှိပါတယ်။ ရောက်လာတဲ့ အမိန့်အတိုင်း အကျဉ်းသားတွေကို စာရင်းနဲ့ ထုတ်ပေးခဲ့ရတာပါ။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထဲမှာ မနိုဘယ်လ်အေးတို့လမ်းမှာ အသတ်ခံရတဲ့ လမ်းမှာ ဖြစ်စဉ်မှာလည်း အကျဉ်းဦးစီး ဌာန ညွှန်ချုပ် နဲ့ ဝန်ထမ်းတွေ ကြိုတင်သိရှိခဲ့ပါတယ်။ ဒီအကျဉ်းသား အချုပ်သားတွေကို အသွင်းအထုတ် လုပ်ပေးရတာ အကျဉ်းဦးစီးဌာနကပါ။ ဒီအတွက်လည်း ညွှန်ကြားချက်မှာ ဘယ်သူ့ကို ထုတ်ပေးရမယ်၊ ဘယ်သူတွေကို ဘယ်ကားနဲ့ ထည့်ပေးရမယ်ဆိုတဲ့အမိန့်ကို လုပ်ဆောင်ပေးရတာ အကျဉ်းဦးစီးဌာနဘက်ကပါ။ ၂၀၂၄ ခုနှစ် မတ်လမှာလည်း ထားဝယ်ထောင်မှာ အလားတူဖြစ်စဉ်ဖြစ်ခဲ့တယ်။ ” ဟု အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၄ ခုနှစ် မတ်လတွင်လည်း တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုမင်းသူနှင့် ကိုဝင်းသီဟတို့ကို ခေါင်းစွပ်အမည်းများစွပ်၍ ထောင်ပြင်ပသို့ ခေါ်ဆောင်သွားပြီးနောက် စစ်တပ်က သတ်ဖြတ်ခဲ့သည်။

အဆိုပါ သတ်ဖြတ်မှုသာမကဘဲ နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် နိုင်ငံ ရေး အကျဉ်းသား၊ အကျဉ်းသူများကို ဖိနှိပ်ညှဉ်းပန်းမှုများတွင်လည်း ညွှန်ကြားရေးမှူးချုပ် မျိုးဆွေ၏ ညွှန်ကြားချက်များ ပါဝင်ကြောင်း သိရှိရသည်။

“သူ(ညွှန်ကြားရေးမှူးချုပ် မျိုးဆွေ) က သဘောထားတင်းမာတယ်။ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေဆိုရင် လုံး၀ မလွတ်မပေးဘဲ စောင့်ကြည့်ဦးချိုးဖို့ သူညွှန်ချုပ်တာဝန်ယူတဲ့နေ့ကစပြီးညွှန်ကြားခဲ့တာ။ သူ့ ညွှန်ကြားချက်ကို အဓိက လိုက်နာပြီး လုပ်ကြတာလည်း အရပ်သား အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေထက် စစ်တပ်က ပြောင်းလာတဲ့ ထောင်အာဏာပိုင်တွေက ပိုပြီး လုပ်တယ်။ သူကလည်း ဦးစီးဌာနအတွင်းမှာ အရပ်သား သန္ဓေ အကျဉ်းဦးစီးဌာနဝန်ထမ်းတွေကို လုံး၀ မျက်နှာသာမပေးဘူး။ စစ်တပ်က ပြောင်းလာတဲ့ ထောင်အာဏာပိုင်တွေကိုပဲ ပစား ပေးတယ်” ဟု အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

အကျဉ်းဦးစီးဌာန၊ ညွှန်ချုပ် မျိုးဆွေမတိုင်မီ ဖြစ်ပွားခဲ့သော နိုင်ငံရေးအကျဉ်း သားများကို ထောင်ပြောင်းဟုဆိုကာ လမ်းတွင် သတ်ဖြတ်မှုများကို အကောင် အထည်ဖော်ခဲ့ရာတွင် ညွှန်ကြားရေးမှူးချုပ်ဟောင်း ဇော်မင်းကလည်း ပူးပေါင်းပါဝင်ပေးခဲ့ရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်နိုဝင်ဘာအထိ နိုင်ငံရေးအကျဉ်း သား ၆၀၀ ကျော်မှာ ဖိနှိပ်ညှဉ်း ပန်းနှိပ်စက်မှုများကြောင့် အကျဉ်းထောင်၊ ရဲစခန်းနှင့် စစ်ကြောရေးစခန်းများတွင် သေဆုံးခဲ့ရပြီး ထောင်ပြင်ပထုတ်၍ သတ်ဖြတ်မှုများကြောင့် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ ၃၀ ဝန်းကျင်သေဆုံးခဲ့သည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article