27 C
Yangon

ပခုက္ကူနှင့် ကျောက်ပန်းတောင်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ မေ ၁၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အင်ပင်ကျေးရွာ စစ်တပ်ဂိတ်မှ ထွက်လာသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၂ (Pakokku Ranger) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

မေလ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် အင်ပင်ကျေးရွာဂိတ်မှ ဝါးထောင်ဘက်သို့ ထွက်လာသော စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ G-3 ကျည် ၆၀ တောင့်ကို သိမ်းဆည်းရရှိခဲ့သည်။

Pakokku Ranger အဖွဲ့မှ တာဝန်ရှိသူက “စစ်ခွေး သေစာရင်းကတော့ ကျွန်တော်တို့ ဆက်လက် စုံစမ်းဆဲပါ။ စစ်ခွေးဘက်ကတော့ စစ်သား ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ တိုက်ပွဲဖြစ်ပွားပြီးတော့ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းမှာ စစ်ခွေးတွေက အင်ပင်ဂိတ်ကနေ လက်နက်ကြီး ၄ လုံးထက် မနည်း ကျေးရွာတွေကို ရမ်းသမ်း ပစ်ခတ်ခဲ့တယ်”ဟု ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုအပြီး မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူများ ခေတ္တတိမ်းရှောင်ခဲ့ကြရသည်။

အလားတူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင်လည်း မတ်လ ၁၂ ရက်နေ့က တောင်ခြမ်းကျေးရွာများကို စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့သည်။

ယင်းတိုက်ပွဲတွင် ကျည်ဘောက် ၃ ခုနှင့် ကျည် ၆၅ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဝေကြီးက ပြောကြားသည်။

ကိုဝေကြီးက “ကျောက်ပန်းတောင်းမြို့နယ် တောင်ခြမ်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အင်အားက ၁၀၀ ကျော်လောက်ရှိတယ်။ စစ်ခွေးသေစာရင်းကတော့ စစ်သား ၃ ဦး သေဆုံးတယ်လို့ သိရတယ်။ စစ်ခွေးဘက်က ကျည်ဘောက် ၃ ဘောက်၊ ကျည် ၆၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်”ဟု ဆိုသည်။

ပခုက္ကူနှင့် ကျောက်ပန်းတောင်း တိုက်ပွဲနှစ်ခုစလုံးတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article